Monday, June 24, 2019

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ပါက ရာထူးမှ ထွက်စရာမလိုဘဲ ရွေးကောက်ပွဲ ကြေညာပြီးသည်နှင့် စည်းရုံးရေးများ လုပ်နိုင်ဟု UEC ဆို

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအနေဖြင့်၂၀၂၀ ခုနှစ်၌ ရွေးကောက်ပွဲဝင်ပြိုင်မည်ဆိုပါက ရာထူးက ထွက်စရာ မလိုဘဲ ရွေးကောက်ပွဲကို ကြေညာပြီးပြီဆိုသည်နှင့်တစ်ပြိုင်နက် စည်းရုံးရေးများ လုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 
ဇွန် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းမီဒီယာသမားများ နှင့် တွေ့ဆုံစဉ် မေးမြန်းမှုများကို ဖြေကြားရာတွင် ဦးမြင့်နိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“သမ္မတနဲ့ ဝန်ကြီးတွေသည် ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် ထွက်စရာမလိုပါဘူး။ အစိုးရအဖွဲ့ဥပဒေပုဒ်မ ၇ (ခ) မှာ ဥပဒေအရ ပြဋ္ဌာန်းပေးထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကြေညာပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကြေညာလိုက်တဲ့နေ့ ကနေစပြီးတော့ သူတို့တွေသည် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရသွားပါပြီ။ အရင် ၂၀၁၅ မှာလည်း အဲ့သလိုပဲ ဝန်ကြီး တာဝန်ထမ်းဆောင်တဲ့သူတွေ၊ ဒုသမ္မတထမ်းဆောင်တဲ့ သူတွေသည် လက်ရှိရာထူးက မထွက်ဘဲနဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေကို လုပ်ကိုင်ဆောင်ရွက်သွားပါတယ်။ ဒါ ဥပဒေအရ ပြဋ္ဌာန်းထားပြီးသားတွေပါ။ ဥပဒေအရ ပြဋ္ဌာန်းထားတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။ 
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးအချို့ နုတ်ထွက်ခဲ့ခြင်းမှာလည်း ပါတီတာဝန်ထမ်းဆောင်ရန်ကြောင့်သာ ဖြစ်သည်ဟုလည်း ဦးမြင့်နိုင်က ပြောကြားသည်။ 
“ဥပဒေကကို ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ တော်တော်များများ ဝန်ကြီးတွေဟာ အဲ့လိုပဲ မထွက်ဘဲနဲ့ ရွေးကောက်ပွဲကို ဝင်ခဲ့ပါတယ်။ အခုလွှတ်တော်မှာ ကြည့်လိုက်လို့ရှိရင် မှတ်မိတာကတော့ ဒုသမ္မတ ဦးစိုင်းမောက်ခမ်းတို့၊ ဒုသမ္မတ ဦးဉာဏ်ထွန်းတို့၊ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်တို့ စတဲ့တော်တော်များများ အခုထဲပါတယ်။ ပြန်အရွေးခံရတာပေါ့။ တချို့ကလည်း ပြန်အရွေးမခံရဘူး။ အရွေးမခံရတာက သတ်သတ်ပေါ့။ ဝန်ကြီးအနေနဲ့တော့ အရွေးခံလို့ရတယ်။ ဒါနဲ့ပတ်သက်လို့လည်းပဲ အရင်တုန်းက မေးမြန်းတဲ့အခါမှာ ဖြေခဲ့ဖူးပါတယ်။ တချို့က ဝန်ကြီးနေရာကနေ နုတ်ထွက်ပြီးမှ ဝင်ရပါတယ်တဲ့။ ဥပမာ ဦးတင်နိုင်သိန်းတို့၊ ဦးသန်းဌေးတို့ အဲ့ဒီလို ပြောလာပါတယ်။ ဆရာလည်း အဲဒီတုန်းက ပြောလာပါတယ်။ အဲဒါဟာ ရွေးကောက်ပွဲဝင်ဖို့အတွက် နုတ်ထွက်တာမဟုတ်ဘူး။ ဟိုမှာ ပါတီတာဝန် သွားထမ်းဆောင်ဖို့ ရှိလာလို့ ပါတီတာဝန်သွား ထမ်းဆောင်တာ” ဟု ဦးမြင့်နိုင်က ပြောသည်။ 
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြေညာမည့်ရက်ကိုတော့ မသတ်မှတ်ရသေးဘဲ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ခြောက်လကြိုတင်၍ ကြေညာခဲ့ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများဖြစ်သည့် လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည် ရွေးကောက်ခံမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဇွန် ၈ ရက်က ပြောကြားထားသည်။ 

Eleven Media Group 

0 comments:

Post a Comment