Tuesday, July 2, 2019

ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်


မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးအား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ဆန်းဦးအား ပေါင်မြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၂၈ ရက်က မုတ္တမမြို့ ကော့စိုင်ရပ်ကွက်နေ ဦးအောင်ဆန်းဦးသည် Lar Htar Kay Facebook အကောင့်အမည်ဖြင့် “အဆင့်အတန်းမရှိတဲ့ အရက်သမား၊ အရူးဘုံမြောက်”ဟု ရေးသားခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ၎င်းအား ဂုဏ်သိက္ခာကျဆင်းအောင်၊ အသရေပျက်အောင် တိုက်ခိုက်ရေးသားခဲ့သည်ဟုဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ပေါင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
“ပြည်သူရွေးကောက်တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ယောက်က ပြည်သူအပေါ် အနိုင်ကျင့်တယ်လို့ခေါ်တယ်၊ ဥပဒေဟာ ပြည်သူကို ကာကွယ်ရမယ့်အစား လိုသလို အသုံးချပြီး ပြည်သူကိုအနိုင်ကျင့်တယ်လို့ ပြောချင်တယ်”ဟု ထောင်ဒဏ်ချမှတ်ခံရသည့် ဦးအောင်ဆန်းဦးက ပြောသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်ဆိုသူအား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလည်းရှိခဲ့သည်။

Dawei Watch
The Voice 

No comments:

Post a Comment