Wednesday, July 3, 2019

လာဘ်စားသည်ဟုဆိုကာ တိုင်ကြားခံထားရသော ထိုင်းအလုပ်သမား သံအရာရှိ တစ်ဦးကို အေဂျင်စီ ၁၂ ခုက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အမျိုးသား လွှတ်တော်သို့ ထပ်မံတိုင်ကြားထား

ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်သော တရားဝင် အေဂျင်စီများထံမှ လာဘ်စားသည် ဟုဆိုကာ တိုင်ကြားခံထားရသော အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးကို အေဂျင်စီ ၁၂ ခုက သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီသို့ ထပ်မံတိုင်ကြားထားကြောင်း သိရသည်။ 
မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးကို လာဘ်စားသည် ဟုဆိုကာ မေလတွင် အေဂျင်စီကုမ္ပဏီ၂၀ ခုက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီသို့ ပထမအကြိမ် တိုင်ကြားခဲ့သည်။ 
“ရှင်းရှင်းပြောရရင် အစ်မတို့ ဒီလိုမျိုးတွေ မတိုင်ချင်ဘူး။ တိုင်လည်း မတိုင်ဖူးဘူး။ ကိုယ့်စီးပွားရေးကိုပဲ ကောင်းကောင်းမွန်မွန် လုပ်နေကြတာ။ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်လို့ စနစ်တစ်ခု မှားယွင်းနေတယ်လို့ ခံစားနေရတာ နှစ်တော်တော် ကြာလာတဲ့ အတွက်ကြောင့် ရှင်းရှင်းပြောရရင် အသေခံပြီး၊ အနာခံပြီး လုပ်နေရတဲ့ သဘောတရားပါပဲ” ဟု ထိုင်းသို့ တရားဝင် လုပ်သားစေလွှတ်သော အေဂျင်စီတစ်ခု၏ တာဝန်ရှိသူက ပြောကြားသည်။ 
ထိုင်းအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး စတင်တာဝန်ထမ်းဆောင်သော ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလအထိ လာဘ်ငွေပေးခဲ့ရကြောင်း၊ လာဘ်ငွေမပေးသော အလုပ်ခေါ်စာများမှာ နှစ်လမှ သုံးလ ကြာမြင့်သည့်အတွက် အလုပ်ခေါ်စာ မြန်မြန်ဆန်ဆန်ရရှိရန် ယင်းသို့ပေးရခြင်းဖြစ်ကြောင်း ထိုင်းသို့ လုပ်သားစေလွှတ်သော အေဂျင်စီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 
“အလုပ်ခေါ်စာတွေကို သူ့ရဲ့သံဗီရိုထဲမှာ သိမ်းထားတဲ့အတွက် အစ်မတို့အေဂျင်စီတွေက မြန်မြန်ဆန်ဆန် ထွက်လာဖို့၊ မြန်မြန်ဆန်ဆန် လက်မှတ်ထိုးပေးဖို့ သူ့ထောက်ခံစာ မြန်မြန်ရဖို့ဆိုရင် လူဦးရေပေါ်မှာ မူတည်ပြီး ဘတ်ငွေ ၁၀၀ ကနေ ၅၀၀ အထိပေးရတယ်။ သူ့အမှတ်အသားနဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူပေးမှ မြန်မြန်ဆန်ဆန် လက်မှတ်ထိုးပေးတာ၊ အစ်မတို့ မပေးဘူးဆိုရင် နှစ်လကနေ သုံးလကြာအောင် စောင့်ရတယ်။ လာဘ်ငွေပေးလိုက်ရင် ပေးတဲ့ငွေပေါ် မူတည်ပြီး ဒီနေ့စာရွက်စာတမ်းပေး မနက်ဖြန်လိုချင်တယ်ဆိုရင် တစ်မျိုး၊ သုံးလေးရက်လောက် ကြာမယ်ဆိုရင် ပေးရတဲ့ငွေကတစ်မျိုး၊ တစ်ပတ်ကြာမယ်ဆိုရင် ပုံစံတစ်မျိုး” ဟု အမည်မဖော်လိုသည့် လုပ်သားစေလွှတ်သော အေဂျင်စီ တာဝန်ရှိသူက ပြောကြားသည်။ 
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုရန် ဦးစန်းမောင်ဦးအား ဖုန်းဆက် မေးမြန်းရာတွင် မည်သည့်မှတ်ချက်မှ မပေးလို ဟုဆိုကာ ဖုန်းချခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment