Wednesday, July 24, 2019

ဘောရစ်ဂျွန်ဆင်ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်



ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် ဘောရစ်ဂျွန်ဆင်ကို ဇူလိုင် ၂၃ ရက်က ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က အစိုးရဖွဲ့ဖို့ တရားဝင် တာဝန်ပေးတာနဲ့ တပြိုင်နက် ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ် ဖြစ်လာမှာပါ။
သူဟာ အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရေး ဘရက်ဇစ်ကို ဦးဆောင်ဖို့ အချိန် ၃ လ ရထားပါတယ်။
ဘရက်ဇစ်အရေး သဘောတူညီချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ်လို့ သူက ကတိပေးထားပါတယ်။
သင်္ကြန်အမြောက်လို့ နာမည်ကြီးတဲ့ ဘောရစ်ဂျွန်ဆင်ဟာ ပြိုင်ဘက် ဂျယ်ရမီဟန့်တ်ကို မဲစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံနဲ့ အလွယ်တကူ အနိုင်ရခဲ့တာပါ။
သူ ဝန်ကြီးချုပ်ဖြစ်လာမယ့်အပေါ် ဒေသခံအားလုံးက အကောင်းမြင်စိတ်နဲ့ ကြိုဆိုတာတော့ မဟုတ်ပါဘူး။
ဝေါ်ဆက်စတာ ဒေသခံတယောက်က “ပြောတဲ့အတိုင်းလုပ်ရင်တော့ ကောင်းတာပေါ့၊ ဒီလူက စကားတည်လား၊ သတင်းတွေ ရေဒီယိုတွေမှာ ပေးတဲ့ကတိတိုင်းကို တည်လားဆိုတဲ့အပေါ် မူတည်မှာပဲ၊ စောင့်ကြည့်ရမှာပဲ” လို့ ပြောပါတယ်။
ဒေသခံ နောက်တယောက်ကလည်း “ဒီလူ့ပါးစပ်က ထွက်သမျှ စကားတိုင်းကို မယုံနိုင်ဘူး၊ ဒီလူကတော့ မစွံပါဘူး” လို့ ပြောပါတယ်။
ဗြိတိန်အခြေစိုက် မေရာ အွန်လိုင်းသတင်းဌာနကတော့ ဘောရစ်ဂျွန်ဆင်ရဲ့ အလွဲအမှား အလိမ်အညာ ၃၇ ချက်ကို စာရင်းပြုစုပြီး ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


DVB


0 comments:

Post a Comment