ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ တွံတေးတူးမြောင်းတွင် ဖြစ်ပွားခဲ့သော ရာအိမ်မှူး ပါဝင်သည့် သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖမ်းမိသူ ဆန်းဦးနှင့် ဇော်လှမျိုး (ခ) ငှက်ရိုးတို့မှာ ဇီးဖြူကုန်းကျေးရွာသား သုံးဦးကို ကြိုးတုတ်ခေါ်ဆောင်၍ တွံတေးတူးမြောင်းတွင် ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း အမှုစစ် ရဲအရာရှိက ပြောသည်။
“သူတို့နှစ်ယောက်ကို ရွာမှာပဲ ဖမ်းဆီးရမိခဲ့တယ်။ လက်ရှိ ဖမ်းမိထားသူ လေးယောက်ရှိပြီ။ လွတ်နေသူက ငါးယောက်ပါ”ဟု အမှုစစ်ရဲအရာရှိက ဆိုသည်။
လက်ရှိ ဖမ်းမိထားသူ လေးဦးမှာ ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်းနှင့် ဇော်မင်းထွေး (ခ) ပါစတီး၊ ဆန်းဦး၊ ဇော်လှမျိုး (ခ) ငှက်ရိုးတို့ဖြစ်ပြီး ဇွန် ၂၁ ရက် ညပိုင်းက တစ်ရွာတည်းနေ အမျိုးသားလေးဦးကို ကြိုးတုတ်ဖမ်းဆီးပြီး စက်လှေဖြင့် တွံတေးတူးမြောင်းသို့ ခေါ်ဆောင်၍ သုံးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်ခဲ့သည့် အဖွဲ့တွင် ပါဝင်ခဲ့သူများဖြစ်သည်။
ဓားဖြင့်ခုတ်သတ်ခံရသူ သုံးဦးမှာ ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦး၊ မောင်မောင်နှင့် နိုင်လင်းထွန်းတို့ဖြစ်ပြီး ဇွန် ၂၁ ရက် ညပိုင်းက ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်း အပါအဝင် လူကိုးဦးက ကြိုးတုတ်ဖမ်းဆီး၍ စက်လှေဖြင့် ခေါ်ဆောင်သွားပြီး တွံတေးတူးမြောင်းအရောက်တွင် ဓားဖြင့်ဝိုင်းခုတ်သတ်၍ ရုပ်အလောင်းများကို ရေထဲစွန့်ပစ်ခဲ့သည်။
သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရာအိမ်မှူး ဖိုးထောင် (ခ) ကျင်သောင်းနှင့် ဇော်မင်းထွေး (ခ) ပါစတီးတို့ နှစ်ဦးကို ဖမ်းမိပြီးနောက် စစ်ဆေးရာ သေဆုံးသူ သိန်းဇော်ဦးနှင့် အဖွဲ့မှ ရာအိမ်မှူးဖြစ်သူ၏ ညီများကို ဓားဖြင့်ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းအား ဓားဖြင့် လိုက်ခုတ်၊ လေးခွဖြင့် ပစ်ခတ်ခဲ့သောကြောင့် ယင်းရန်ကြွေးကို မကျေနပ်သဖြင့် သုံးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုသဖြင့် ရာအိမ်မှူးအပါအဝင် ကိုးဦးကို တွံတေးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၆၄/ ၄၅၂/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice






0 comments:
Post a Comment