
နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်များသည် သာသနာတော်နှင့် စပ်လျဉ်းသည့် သြဝါဒသာပေးနိုင်ပြီး လူမှုရေး၊ နိုင်ငံရေးနှင့် ဆက်စပ်သော သြဝါဒများကို ပေးပိုင်ခွင့်မရှိကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ဇူလိုင် ၂၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၆)၊ အပိုဒ် (၄၃)၊ ယင်းလုပ်ထုံးလုပ်နည်း အခန်း(၆) အပိုဒ် ၁၂၅ ပြဋ္ဌာန်းချက်မှာ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များသည် အဖွဲ့လိုက်သော် လည်းကောင်း၊ တစ်ပါးချင်းသော် လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား သာသနာတော်နှင့် စပ်လျဉ်း၍ သြဝါဒပေးနိုင်သည်ဟု ဆိုထားရာ နှစ်စဉ် တပေါင်းလ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လျှောက်ထား တောင်းပန်မှုအရသာ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များက သာသနာတော်နှင့် စပ်သော သြဝါဒပေးမှုကို ဆိုလိုကြောင်း၊ လူမှုရေး၊ နိုင်ငံရေးနှင့် စပ်သော သြဝါဒများကို ပေးပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသည်။
အလားတူ သံဃာ့အဖွဲ့အစည်းလုပ်ထုံး လုပ်နည်း အပိုဒ် ၁၂၆ အရ သြဝါဒပေးရာတွင် ကိုယ်တိုင်ကြွရောက်၍သော် လည်းကောင်း၊ စာဖြင့်ရေးသား၍သော် လည်းကောင်း ပေးနိုင်သည်ဟု ဖွင့်ဆိုထားခြင်းသည် နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်အားလုံး နှစ်စဉ် တပေါင်းလတွင် ကျင်းပသော နိုင်ငံတော် သံဃာ့ဝန်ဆောင် အဖွဲ့အစည်းအဝေးပွဲသို့ ကြွရောက်နိုင်ပါက ကိုယ်တိုင်ကြွရောက်၍သော် လည်းကောင်း၊ မကြွရောက်နိုင်ပါက စာဖြင့် ရေးသား၍သော် လည်းကောင်း သြဝါဒကထာ ချီးမြှင့်နိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ အခြားသော လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်များ သြဝါဒပေးရန် ရည်ရွယ်ပြဋ္ဌာန်းခြင်း မဟုတ်ကြောင်း လုပ်ငန်းတာဝန်တစ်ရပ် အနေဖြင့်သာ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပ ဒေပြဋ္ဌာန်းချက် သုံးမျိုးရှိသည့်အနက် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ၂၀/ ၉၀ သည် သံဃနာယကအဖွဲ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအထောက်အပံ့ရရှိရန် ပြဌာန်းထားခြင်း ဖြစ်ကြောင်း၊ ယင်းဥပဒေရှိ အခန်း (၃) ပုဒ်မ (၅) အရ သံဃာ့ဂိုဏ်ကြီး ၉ ဂိုဏ်း ပြဌာန်းထားပြီး ယင်းဂိုဏ်းကြီးမှအပ ဂိုဏ်းသစ်များ ခွဲခြားတည်ထောင်ခြင်း မပြုရဟု ပုဒ်မ (၈) တွင် ပြဌာန်းထားသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဥပဒေ ပုဒ်မ (၉) အရ သက်ဆိုင် ရာ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြပ်မှု ကို မခံယူ သော သံဃာ့အဖွဲ့အစည်းကို ဖွဲ့ စည်းခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ (၁၀) အရ မည်သူမဆို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ပြိုကွဲပျက်စီးစေရန် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ရေးသားခြင်း၊ဖြန့် ချိခြင်းမပြုရဟု ပြဋ္ဌာန်းထားကြောင်း၊ ထိုသို့ မည်သူမဆို ဆိုရာ၌ ရဟန်းသံဃာတော်များ အားလုံးအကျုံးဝင်ကြောင်း၊ အခန်း ၄၊ ပုဒ်မ ၁၂ တွင်လည်း မည်သည့်ရဟန်းဟု လည်းကောင်း၊ ပုဒ်မ ၁၃ တွင်လည်း မည်သူမဆိုဟု လည်းကောင်း၊ ပုဒ်မ ၁၄ တွင်လည်း မည်သည့်ရဟန်းဟု ပြဋ္ဌာန်းထားသောကြောင့် နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်သည် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဘောင် အတွင်း၌သာ လိုက်နာ နေထိုင်ရမည်ဖြစ်၍ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ အမြဲတမ်း ရုံးထိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပင့်ခေါ်ပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်ရှိကြောင်း ဆက်လက် ဖော်ပြထားသည်။
ထို့အတူ အခန်း(၅) အထွေထွေပုဒ်မ ၁၈ တွင် ဥပဒေပါပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနသည် လိုအပ်လျှင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ညှိနှိုင်း၍ အမိန့်ညွန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု အတိအလင်း ဖွင့်ဆိုထားသည့်အတွက် နိုင်ငံတော် သြဝါဒါစရိယဆရာတော်များအားလည်း လုပ်ထုံးလုပ်နည်းဥပဒေများအရ မဟနအဖွဲ့က ပင့်ဆောင်ခွင့် ရှိကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် နောက်ဆုံးအကြိမ်အဖြစ် သြဝါဒပေးရန် ပင့်လျှောက်ခဲ့ခြင်းသည် တရားမဝင ဖွဲ့စည်းထားသော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ ဥက္ကဋ္ဌအနေဖြင့်သာ ပင့်လျှောက်ခဲ့ခြင်းဖြစ်သဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် ဗုဒ္ဓဘာသာဝင်များ သိရှိနိုင်ရန် ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


Eleven Media Group






0 comments:
Post a Comment