ဗီယက်နမ်နိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှု ကနဦးအဆင့် အောင်မြင်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာန VTV က ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်လွှင်ခဲ့ပါတယ်။
လက်ရှိ ဗီယက်နမ်နိုင်ငံတလွှားက မွေးမြူရေးခြံတွေမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ပျံ့ပွားနေတာပါ။ အဲဒီရောဂါဟာ လူသားတွေအတွက် အန္တရာယ်မရှိပေမယ့် ရောဂါကူးစက်ခံရတဲ့ ဝက်တွေကတော့ သေဆုံးတဲ့အထိ ပြင်းထန်ပါတယ်။
ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံတွင်း ပြည်နယ် ၆ ၃ခုရှိတဲ့ထဲက ပြည်နယ် ၆၁ ခုမှာ ဝက်တုပ်ကွေးရောဂါ စတင်ပျံ့နှံခဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ စုစုပေါင်း ဝက်အကောင်ရေရဲ့ ၁၀ ရာခိုင်နှုန်းကို သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။
ဗီယက်နမ် စိုက်ပျိုးမွေးမြူရေး အမျိုးသားတက္ကသိုလ်က သုတေသနပညာရှင်တွေ ဖော်စပ်ထားတဲ့ အာဖရိက ဝက်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို တက္ကသိုလ်ဓာတ်ခွဲခန်းနဲ့ ဗီယက်နမ် မြောက်ပိုင်းက မွေးမြူရေးခြံ သုံးခုမှာ စမ်းသပ်ခဲ့တယ်လို့ VTV သတင်းဌာနက ပြောပါတယ်။
စမ်းသပ်ကာကွယ်ဆေးကို ထိုးပေးခဲ့တဲ့ ရောဂါဖြစ်နေတဲ့ ဝက် ၃၃ ကောင်ထဲမှာ ၃၁ ကောင်ဟာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးတဲ့အထိ ကျန်းမာနေဆဲပဲ၊ တခြားဝက်တွေကတော့ သေကုန်တယ်လို့ VTV သတင်းဌာနက ဖော်ပြပါတယ်။
ကာကွယ်ဆေးဖော်စပ်မှု အခြေအနေ တိုးတက်လာပေမယ့် ယုံကြည်စိတ်ချရတဲ့အဆင့် ရောက်ဖို့ သုတေသန ဆက်လုပ်ဖို့ အများကြီး လိုအပ်သေးတယ်လို့ အာဖရိက ဝက်တုပ်ကွေးရောဂါ နဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
DVB

No comments:
Post a Comment