Tuesday, July 2, 2019

ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ ၃ ဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှု ဖွင့်ထားမှု သူရဦးရွှေမန်း မသိ၊ အမှုဖွင့်သူ၏ အခွင့်အရေးဖြစ်၍ ဝင်စွက်ရန်လည်းမရှိဟုဆို




ဦးရဲထွဋ် ၊ ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်း၏ ကားဆရာ ဦးမျိုးမင်းလတ်က အမှုဖွင့်ထားမှုကို သူရဦးရွှေမန်းကိုယ်တိုင် မသိရှိသေးဘဲ ဝင်ရောက်စွက်ဖက်မည်လည်းမဟုတ်ကြောင်း သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 
နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်း၏ ကားဆရာက အမှုဖွင့်ထားကြောင်း The Daily Eleven သတင်းစာက ယနေ့ သတင်းဖော်ပြသည်။ 
ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ လတ်တလော ကွမ်းခြံကုန်းသို့ ရောက်ရှိနေကြောင်း ပြောဆိုပြီး ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။ 
"ဥက္ကဌကြီးအနေနဲ့တော့သူ့ဘဝတလျောက်ဘယ်သူ့ကိုမှဒုက္ခပေးခဲ့တာမရှိဘဲ ကူညီကယ်တင်ပေးခဲ့တာပဲရှိပါတယ်။ဥပမာ- ထောက်လှမ်းရေးအားလုံးကိုထောင်ချခိုင်းတုန်းကတောင် သူကကြား က တာဝန်ခံပြီးရိုးရိုးပဲထွက်ခွင့်ပေးလိုက်တဲ့သူတွေအများကြီးပါ။ ခုကိစ္စ မကြားမိသေးဘူး။ဟုတ်တယ်ဆိုရင်တောင်ဥက္ကဌကြီးမသိနိုင်ဘူး။သူခိုင်းတာ သူခွင့်ပြုတာမဖြစ်နိုင်ဘူးခင်ဗျ။ဥက္ကဌကြီးရဲ့ယာဉ်မောင်းအပြင်မသွားဘူး။ ဘယ်သူနဲ့မှလည်းစကားမပြောတော့မဖြစ်နိုင်ဘူး။ သူ့အိမ်က အထွေထွေသုံးကားကိုမောင်းတဲ့ ယာဉ်မောင်းဆိုရင်တော့မသိဘူး။ ရဲထွဋ်၊ လှဆွေ ၊ ဘိုဘိုတို့က အသားလွတ် တိုက်ခိုက်တာများပြီဆိုတော့ အဘတပည့်ထဲကတစ်ဦးဦးက မခံနိုင်လို့ ထပြီးလုပ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ်ဥက္ကဌကြီးနဲ့ကျွန်တော်တို့မသိသေးပါဘူး။ ဥက္ကဌကြီးရဲ့သဘောတူညီမှုလည်းမပါပါဘူး။ သို့သော် စွဲခဲ့သည့်တိုင်စွဲသူရဲ့အခွင့်အရေးဖြစ်လို့ဥက္ကဌကြီးကဝင်စွက်မှာမဟုတ်ပါဘူးခင်ဗျ" ဟု ဖြေကြားသည်။ 
နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ အရ ''မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်''ဟု ပြဋ္ဌာန်းထားသည်။ 

ဓာတ်ပုံ- UBP ပါတီ။
Khit Thit Media 

0 comments:

Post a Comment