နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ဂရန် လျှောက်ထားမှု ပြည်ထောင်စု ဥပဒေချုပ်ရုံးက ပြန်ကြားမှုအပေါ် မူတည်ပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး ဦးသစ္စာက ဇူလိုင် ၁ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါခြံအား ဂရန်လျှောက်ထားရန် ကြော်ငြာပြီးနောက် ဦးအောင်ဆန်းဦးဘက် မှ ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ ဦးအောင်ဆန်းဦး ရှေ့နေ့မှ ကန့်ကွက်မှုများ ရှိခဲ့သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဥပဒေချုပ်ရုံးသို့ အကြံဉာဏ် တောင်းခံခဲ့ကြောင်း ဦးသစ္စာက ပြောကြားသည်။
“ပြည်ထောင်စု ဥပဒေချုပ်ရုံးက ပြန်ကြားလာတဲ့ ပြန်ကြားမှုပေါ် မူတည်ပြီး မြေစီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေချုပ်ရုံးကနေပြီးတော့ ဘယ်လို ဥပဒေကြောင်းအရ ဆောင်ရွက်ပါဆိုရင် အဲဒီဥပဒေကြောင်းအရ ကျွန်တော်တို့ မြေစီမံခန့်ခွဲမှုဥပဒေနဲ့ ပေါင်းစပ်ပြီးတော့ စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးသစ္စာက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အကြောင်းအရာများ မသိရှိပါက ဥပဒေချုပ်ရုံးသို့ မေးမြန်းရကြောင်း၊ ဥပဒေချုပ်ရုံး၏ ဖြေကြားမှုပေါ်မှာသာ ဆောင်ရွက်မှု ရှိသည်ကို ဖြေကြားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
Eleven Media Group






0 comments:
Post a Comment