Wednesday, July 3, 2019

တာချီလိတ်တွင် ထိုင်းနိုင်ငံသားများအပါအဝင်ရှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာအနီးရှိ အဆောက် အဦတစ်ခုအတွင်းကနေ ဇူလိုင်(၂)ရက် ညနေပိုင်းက ထိုင်းနိုင်ငံသား(၆)ဦးနဲ့ မြန်မာနိုင်ငံသား(၂)ဦးတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ နယ်မြေခံတပ်နယ်က တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာအနီးမှာ ထိုင်းနိုင်ငံသားတွေ တရားမဝင် နေထိုင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါတယ်။ 
အဲဒီလိုသွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ထိုင်းနိုင်သား အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦးကို တွေ့ရှိရပြီး၊ ခြံဝင်းအတွင်း ဆက်လက်ရှာဖွေရာ ခြောက်လုံးပြူး နှစ်လက်၊ 9MM ပစ္စတို သုံးလက်၊ AK-47 သုံးလက်၊ M-16 နှစ်လက်၊ ၁၂ဗို့ တစ်လုံးထိုး သုံးလက်၊ MK-12 တစ်လက်၊ M-22ရိုင်ဖယ် တစ်လက်၊ 9MM ကျည်(၂၄၈)တောင့်၊ ပွိုင့်-၃၅၇ ကျည်(၅၃)တောင့်၊ ပွိုင့်-၄၅ ကျည် (၁၆၁)တောင့်၊ ပွိုင့်-၂၂ ကျည်(၆၅၀)တောင့်၊ ၅ ဒဿမ ၅၆ မမ ကျည်(၃၁၈) တောင့်၊ M-22 ကျည် (၄၀၀)တောင့်၊ ၁၂ဗို့ ကျည် (၁၂၀)တောင့်၊ စုစုပေါင်း ကျည်မျိုးစုံ (၁၉၅၀)တောင့်၊ VIGO မော်တော်ယာဉ် သုံးစီး၊ MARK-X အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ 9MM ကျည်အိမ်(၅)ခု၊ M-16ကျည်အိမ် (၉)ခု၊ ပွိုင့်-၂၂ ကျည်အိမ် (၇)ခု၊ စုစုပေါင်း ကျည်အိမ်(၂၁)ခုတို့ကို သိမ်းဆည်းရမိပါတယ်။ အဲဒီ လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိသူ ရှစ်ဦးကို အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ 
  
သတင်း/ဓာတ်ပုံ- လှိုင်ဝဏ္ဏ(တာချီလိတ်)
One News Myanmar 

No comments:

Post a Comment