Thursday, July 25, 2019

ခက်ခဲဒေသနှင့် အထူးဒေသ ခြောက်ခုရှိ ကျောင်းသား ကျောင်းသူများကို ဆေးတက္ကသိုလ်အပြင် သူနာပြုသင်တန်းများပါ တက်ရောက်ခွင့် ပြုထားပြီး လူဦးရေ ၁၀ ရာခိုင်နှုန်း လက်ခံထား

ပြည်သူ့ဆေးရုံကြီးများတွင် တာဝန် ထမ်းဆောင်နေသည့် သူနာပြုများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအား ဆေးတက္ကသိုလ်အပြင် သူနာပြုသင်တန်းများပါ တက်ရောက်ခွင့် ပြုထားပြီး သူနာပြုသင်တန်း တက်ရောက်ခွင့်ရသူ ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် တက်ရောက်ခွင့် ပြုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


“ခက်ခဲဒေသနဲ့ အထူးဒေသ ခြောက်ခုက ဆေးတက္ကသိုလ် တက်ချင်တဲ့ ကျောင်းသားတွေအတွက် ဆေးကျောင်းတက်ခွင့်ရသူ ပမာဏရဲ့ ခြောက်ရာခိုင်နှုန်းကို ပေးပါတယ်။  သူတို့ကို အခြားကျောင်းသားတွေတက်တဲ့ အမှတ်ထက်နည်းပြီး တက်ခွင့်ပြုထားပါတယ်။ အလားတူ အဲဒီဒေသတွေကို သူနာပြုသင်တန်း တက်ခွင့်ရသူ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်း တက်ခွင့်ပြုထားတယ်။ ဒါမှသာ ဝေးလံခက်ခဲ ဒေသတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရန်ကုန် နှင့် မန္တလေးရှိ သူနာပြုတက္ကသိုလ်၌ သစ်လွင် ကျောင်းသား ကျောင်းသူဦးရေ  ၅၀၁ ဦး တက်ရောက်ခွင့် ရရှိထားကြောင်း၊ ဝင်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသ စာရင်းများအရ သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ၂၃၀ နှင့် သူနာပြုတက္ကသိုလ် (မန္တလေး) တွင် ၂၇၁ ဦး စုစုပေါင်း ၅၀၁ ဦး တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌနာအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြုဝန်ထမ်း အင်အား နည်းပါးနေခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက သစ်လွင် သူနာပြုများကို ထပ်မံတိုးမြှင့် ခန့်ထားခဲ့သည်။
ဝန်ကြီးဌာနအောက်တွင် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သော သူနာပြုပမာဏ ၏ ၅၄ ရာခိုင်နှုန်းသာ လက်တွေ့တွင် အလုပ်ဝင်ရောက်မှု ရှိနေခြင်းကြောင့် အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြုဝန်ထမ်း အင်အား နည်းပါးနေကြောင်းနှင့် အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြုဝန်ထမ်း အင်အား နည်းပါးနေပြီး အလုပ်မဝင်ရောက်သူဦးရေ များပြားလာသောကြောင့် ၂၀၁၅ ခုနှစ်မှစ၍ သူနာပြုများကို ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်စဉ်မှာပင် တစ်ပြိုင်နက် နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ခန့်စာကို ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၇ ခုနှစ်အထိ ရရှိသည့် အချက်အလက်အရ သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက် ရှိကြောင်း၊ လက်ရှိအချိန်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့် မွေးထုတ်ပေး ပြီးဖြစ်ကြောင်း နှင့် တက္ကသိုလ်နှင့် သင်တန်းကျောင်း အသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်း တက်ရောက်လျက် ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင်သူနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည် ဖြစ်ပြီး ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သော အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်ကြာ တာဝန် ထမ်းဆောင်ပါမည်ဟု ဝန်ခံ ကတိလက်မှတ် ရေးထိုးရကြောင်း သိရသည်။
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် လုပ်ထုံး လုပ်နည်းနှင့်အညီ အောင်မြင်ပြီးသော သူနာပြု၊ သားဖွားဆရာမများကို သူနာပြု၊ သားဖွားဟူသော အမည်ကို ခံယူသုံးစွဲခွင့် ရှိကြောင်း သက်သေခံ မှတ်ပုံတင် လက်မှတ် ထုတ်ပေးကြောင်း၊ သင်တန်းတက်စဉ်က ချုပ်ဆိုခဲ့သော စာချုပ်အရ အစိုးရဝန်ထမ်းအဖြစ် အလုပ်ဝင်ရောက်သည့်အခါ နှစ်နှစ်သက်တမ်းရှိ ပုံမှန်လိုင်စင်ကို ထုတ်ပေးကြောင်း ၊ကောင်စီ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ မှတ်ပုံတင် ထုတ်ပေးခြင်း၊ လိုင်စင်ပြုလုပ်ပေးခြင်းများကို လုပ်ဆောင်ပေးကြောင်းနှင့် ဆေးရုံများတွင် အလုပ်ဝင်ရောက်နေသော သူနာပြုများကို လိုင်စင်များ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment