Tuesday, July 2, 2019

တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းလုပ်သား ၄ ဦး ပိုးသတ်ဆေးအဆိပ်မိကာ ဆေးကုသမှုခံယူနေရ



ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်းရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင် တစ်သျှူးငှက်ပျောစိုက်ခင်းလုပ်ကွင်းအတွင်း လုပ်သား ၄ ဦး သည် ပိုးသတ်ဆေးအဆိပ်မိ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငှက်ပျောစိုက်ခင်းအတွင်း ပိုးသတ်ဆေးဖြန်းနေရာမှာ အဆိပ်မိခဲ့ကြခြင်းဖြစ်ပြီး မွန်းလွဲ ၃နာရီတွင် ၀ိုင်းမော်ဆေးရုံသို့ရောက်ရှိခဲ့ကြကြောင်း ၀ိုင်းမော်မြို့နယ်ဆေးရုံမှ သိရသည်။ 
ကိုပိုက်အေး၊ ကိုမိုးဒီ၊ ကိုဇင်ဖုန်းအောင်၊ ဦးမြင့်ဝေ တို့ ၄ ဦးဖြစ်ပြီး ၎င်းတို့ ထဲတွင် ကိုပိုက်အေးနှင့်ကိုမိုးဒီ တို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိခဲ့သောကြောင့် မြစ်ကြီးနားဆေးရုံသို့ ထပ်မံလွှဲပြောင်းတင်ဆောင်ခဲ့ရကြောင်း၊ သို့သော် လက်ရှိတွင် ၄ ဦးစလုံး သက်သာပြီး အခြေအနေကောင်းမွန်လျက်ရှိကြောင်း ၀ိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့ က သတင်းတမန်သို့ပြောပြသည်။ 
"အားလုံးသက်သာကြပြီ။ အခြေအနေကောင်းသွားပြီ။ မစိုးရိမ်ရတော့ဘူး" ဟု ၎င်းကဆိုသည်။ 
ငှက်ပျောစိုက်ခင်းလုပ်သားများအဆိပ်မိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာသို့ ထူးခြားဖြစ်စဉ်အဖြစ်သတင်းပို့ခဲ့ကြောင်း သိရသည်။ 
ဒေါက်တာသိန်းမြို့က "personal protection အားနည်းတာပါ။ ကျန်တဲ့သူတွေမဖြစ်ဘူးး သူတို့ပဲဖြစ်တယ်။ လက်အိတ်ပါးပါးလေးတွေစွပ်တာ၊ ခြေအိတ်မစွပ်တာ၊ နှာခေါင်းတော့စည်းတယ်။ ဒါပေမဲ့ ဦးထုပ်လည်းမဆောင်းဘူး။ မျက်မှန်လည်းမတပ်ဘူး။ လည်ရှည်ဖိနပ်လည်းမစီးဘူး။ အဲလိုနဲ့ ပိုးသတ်ဆေးကို အလွယ်တကူကိုင်လိုက်တော့ အဆိပ်မိသွားတာပါ" ဟု သတင်းတမန်သို့ရှင်းပြသည်။ 
ဝိုင်းမော်မြို့နယ်အတွင်း တစ်သျှူှးုငှက်ပျောခင်းသုံး ပိုးသတ်ဆေးအပါအ၀င်ဆေးဝါးများကြောင့် လူ နှင့် တိရစ္ဆာန်များမကြာခဏထိခိုက်ဒဏ်ရာရ သေကျေပျက်စီးကြသည်ဟု ဒေသခံများက စွပ်စွဲပြောကြားမှုများ ရှိနေကြသည်။ 
ကချင်ပြည်နယ်အစိုးရအဖွဲ့ကမူ ယင်းအပေါ် ငြင်းဆိုထားသည်။ 
သို့သော် အဆိုပါ ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဓာတ်မြေသြဇာအပါအ၀င် ငှက်ပျောခင်းသုံး ဆေးဝါးများသည် မည်မျှပြင်းအားရှိကြောင်း၊ မည်သည့်ပစ္စည်းများပါဝင်ဖွဲ့စည်းထားကြောင်း ၊ သက်ရောက်မှုမည်ကဲ့သို့ရှိကြောင်းကို မူ ယနေ့ထိ အစိုးရက တိကျစွာထုတ်ပြန်ခြင်းမရှိသေးပေ။ 
မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာအပါအ၀င်ပိုးသတ်ဆေးများကို ဥပဒေနှင့်တကွ ထိန်းချုပ်ထားပြီး လိုင်စင်ရှိသူသာတင်သွင်းခွင့်ရှိကြသည်။ 
သို့သော် ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူးငှက်ပျောခင်းသုံး ပိုးသတ်ဆေးးအပါအ၀င် ဓာတ်မြေသြဇာများမှာ တရုတ်ပြည်မှ တရားမ၀င်တင်သွင်းလာသော ပစ္စည်းများဖြစ်ကြောင်း ငှက်ပျောစိုက်ခင်း အလုပ်သမားခေါင်းဆောင်များထံမှသိရသည်။ 


#(သတင်းတမန်) 
Khit Thit Media 



0 comments:

Post a Comment