Wednesday, July 3, 2019

ဂျာမနီတွင် မြေဟက်တာ ၆၀၀ ကျော် တောမီးလောင်ကျွမ်း


ဂျာမနီနိုင်ငံ မီးခ်လင်ဘောဂ့် ဖောဗ့်ပိုမားန်ပြည်နယ်မှာ မြေဧရိယာ ဟက်တာ ၆၀၀ ကျော် တောမီးလောင်နေပါတယ်။ 
ဒါကြောင့် ဇူလိုင် ၂ ရက်နေ့က ဒေသခံ မီးသတ်တပ်ဖွဲ့တွေနဲ့အတူ စစ်တပ်က တင့်ကားတွေနဲ့ ရဲဌာနက အဓိကရုဏ်း နှိမ်နင်းရေး ရေအမြောက်ကားတွေပါ ပူးပေါင်းငြိမ်းသတ် ခဲ့ကြပါတယ်။ 

အဲဒီတောမီးဟာ ဇွန် ၃၀ ရက်နေ့ကတည်းက စလောင်နေပြီး အရေးပေါ်မီးသတ်အဖွဲ့က ကနဦး ငြှိမ်းသတ်နေခဲ့ကြတာပါ။ 
အထူးအဖွဲ့တဖွဲ့ဟာ တောမီးကူးစက်တာကို ကြိုတင်ဟန့်တားဖို့ သစ်ခြောက်တွေကို ရေလောင်းပြီး မီးမကူးအောင်ရှင်းဖို့ သစ်ပင်တွေကို ခုတ်ခဲ့ကြပါတယ်။ 
ဇူလိုင် ၂ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ မီးစလောင်တဲ့ နေရာကို မီးသတ်ကားတွေ တိုက်ရိုက်ဝင်ငြှိမ်းနိုင်ဖို့ တင့်ကားကြီးတွေက ရှေ့ကနေ လမ်းရှင်းပေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
လက်ရှိမှာ အာဏာပိုင်တွေက ဒီတောမီးလောင်မှုဟာ သံသယရှိဖွယ် ရှို့မီးကြောင့်လားဆိုတာ စုံစမ်းစစ်ဆေးနေကြပါတယ်။

DVB


No comments:

Post a Comment