စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့် မြို့မဈေးနေရာ မရွှေ့ပြောင်းရေးနှင့် ပြောင်းရွှေ့ရန်ဖိအားပေး ခိုင်းစေမှုကို ရပ်တန့်ပေးရန် ယနေ့ (ဇူလိုင် ၃ ရက်နေ့)တွင် ဈေးသူဈေးသား ၁၀၀ခန့်က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒပြ သူဈေးသူဈေးသားများသည် ထီးချိုင့်မြို့မဈေးအတွင်းမှစတင်ကာ ထီးချိုင့်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်အထိ လမ်းလျှောက်ကာ ဈေးနေရာမပြောင်းရွှေ့ရေး ဒို့အရေး၊ ပြောင်းရွှေ့ရန် ဖိအားပေးခိုင်းစေမှု ချက်ချင်းရပ် အစရှိသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒပြကြသည်။
ထီးချိုင့်မြို့ စည်ပင်သာယာကော်မတီမှ အသစ်ပြောင်းရွှေ့ရန် ချထားပေးသည့်မြေနေရာသည် ကုန်သွယ်လယ်ယာမြေဖြစ်ပြီး အစိုးရကိုပြန်မအပ်ရသေးသည့် နေရာဖြစ်သည့်အတွက် စည်ပင်သာယာမှ ပြောင်းရွှေ့ခိုင်းခြင်းအပေါ် ယာယီရောင်းချခွင့်သာရရှိမည်ကို စိုးရိမ်သောကြောင့် မပြောင်းရွှေ့ရေး ဆန္ဒပြရခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြရာတွင်ပါဝင်သူ ဈေးသည်တစ်ဦးဖြစ်သည့် မစောစောဦးကပြောသည်။
"အခုပြောင်းရွှေ့ခိုင်းတဲ့ အဲဒီနေရာကို ရာသက်ပန် နောင်လာနောင်သား မျိုးဆက်တွေအထိ ရောင်းချခွင့်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်၊ ဒီလိုမှမဟုတ်ရင် လုံးဝရွှေ့မပေးနိုင်ပါဘူး” ဟု အဆိုပါမြို့မဈေးမှ ကုန်စိမ်းသည်တစ်ဦးက ပြောသည်။
အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်ပြီး ထီးချိုင့်မြို့နယ်၊ စည်ပင်သာယာကော်မတီဥက္ကဌ ဦးအေးကို သွားရောက်မေးမြန်းရာ ပြောင်းရွှေ့ခိုင်းသည့် အဆိုပါဈေးဟောင်းနေရာသည် ကျူးကျော်ဈေးဖြစ်ပြီး ၎င်းအနီးရပ်ကွက်နေ ပြည်သူများက အဆိုပါဈေး၏အမှိုက်သရိုက်များနှင့် မီးဘေးအန္တရာယ်တို့ကြောင့် အနှောက်အယှက်ဖြစ်ရသဖြင့် ပြောင်းရွှေ့ပေးရန် ၂၀၁၇ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၈ခုနှစ်ဇန်နဝါရီလက တစ်ကြိမ် စာပို့ကာတိုင်တန်းသဖြင့် ကော်မတီက ပြောင်းရွှေ့ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း ရှင်းပြသည်။
"သူတို့ကိုပြောင်းရွှေ့နေရာမှာ အမိုးအကာနဲ့ ဆိုင်နဲ့ဖြစ်အောင် ဆောင်ရွက်ပေးမှာပါ၊ ယာယီမဟုတ်ပါဘူး၊ အခုဈေးဟောင်းနေရာက လမ်းနေရာဖြစ်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘက်ဂျက်မှာ အများပြည်သူသွားလာ လွယ်ကူအောင် ကွန်ကရစ်လမ်းခင်းသွားမှာပါ” ဟု ၎င်းကပြောသည်။
အဆိုပါပြောင်းရွှေ့ပေးမည့် မြေနေရာတွင် ၅ ပေပတ်လည် ဈေးဆိုင် ၃ဝဝ ဆံ့အောင် စီစဉ်ထားပြီး အခကြေးငွေမကောက်ခံဘဲ ယခုလက်ရှိကောက်ခံနေသည့် စည်ပင်သာယာအခွန် ၂၀၀ ကျပ်သာ ကောက်ခံသွားမည်ဟုလည်း ၎င်းကဆိုသည်။
ထီးချိုင့်မြို့မဈေးတွင် ဈေးသည် ၃၀၀ ကျော်ရှိကာ ၁ဝဝ ခန့်က မပြောင်းရွှေ့ရရေး ယနေ့ဆန္ဒပြကြခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ပထမအဆင့်အနေဖြင့် စည်ပင်သာယာဈေးကော်မတီက ခေါ်ယူညှိနှိုင်းမှု ပြုလုပ်ပြီး၊ ဆက်လက်၍မပြောင်းရွှေ့ပါက စည်ပင်သာယာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
ခင်နှင်းဝေ / Myanmar Now















0 comments:
Post a Comment