Monday, July 29, 2019

ဝန်ကြီးဖြေရှင်းပေးမည့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု လုပ်ငန်းရှင်များမလာ၍ ပျက်

ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကိုယ်တိုင်ဖြေရှင်းပေးမည့် အလုပ်သမား၊ အလုပ်ရှင်အငြင်းပွားမှု ပြဿနာကို လုပ်ငန်းရှင်များ လာရောက်ခြင်း မရှိ၍ ပွဲပျက်သွားကြောင်း အလုပ်သမားများထံမှသိရသည်။ 
လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံများဖြစ်သော ထွန်းသစ္စာကျားဖြူ (ခ) CSG ယူထိုင်းစက္ကူပုံးစက်ရုံတို့မှ အလုပ်သမားများသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရရုံးရှေ့၌ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ရာမှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဖြေရှင်ပေးမည်ဟုဆိုကာ ဇူလိုင် ၂၉ ရက်နေ့သို့ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ 

“အလုပ်သမားတွေရောက်ပေမယ့် အလုပ်ရှင်တွေက မလာဘူး။ ဒါ ဝန်ကြီးကိုတောင် ဂရုမစိုက်တာ ရှင်းနေတာပဲ” ဟု ယူထိုင်းစက္ကူပုံးစက်ရုံမှ ကိုစိုးသူအောင်က ပြောသည်။

ယူထိုင်းစက္ကူပုံးစက်ရုံမှ အလုပ်သမားများသည် ဇူလိုင် ၁၀ ရက်နေ့က ရက်မှန်ကြေး၊ ရှောင်တခင်ခွင့် စသောအချက် ၁၀ ချက်ပါ ခံစားခွင့်များ တောင်းဆိုခဲ့ရာ ဇူလိုင် ၁၇ ရက် နေ့တွင် မြို့နယ်ဖျန်ဖြေရေးအဖွဲ့မှ ဖြေရှင်းပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ မလုပ်ပေးနိုင်ဟု ငြင်းဆိုနေသောကြောင့် ၂၅ ရက် နေ့တွင် တိုင်းဒေသကြီးအစိုးရရုံးသို့ရောက်ခဲ့ကြောင်း ကိုစိုးသူအောင်က ရှင်းပြသည်။

“ပြဿနာမရှင်းနိုင်သရွေ့တိုင်း အစိုးရရုံးရှေ့ကို အလုပ်သမားတွေ ရောက်နေဦးမှာပဲ” ဟု ထွန်းသစ္စာကျားဖြူ (ခ) CSG စက်ရုံမှ ဒေါ်မူယာက ပြောသည်။

တိုင်းဒေသကြီးအစိုးရရုံးက အလုပ်သမားနှင့် အလုပ်ရှင်များကို ဇူလိုင်၂၉ ရက်နေ့ နံနက် ၁၀ နာရီသို့ ချိန်းဆိုခဲ့ပြီး အလုပ်ရှင်များက လာရောက်ခြင်းမရှိသဖြင့် ညနေ ၃ နာရီထိ စောင့်ဆိုင်းခဲ့သော်လည်း လာရောက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ 

“ဖုန်းပြန်ဆက်ပေးမယ်တဲ့၊ ဘယ်နေ့လဲတော့မသိဘူး။ တိုင်းရုံးကဖုန်းပဲ မျှော်ရတော့မယ်” ဟု ဒေါ်မူယာက ပြောသည်။

လှိုင်သာယာစက်မှုဇုန်တွင် ဇွန်လမှ ဇူလိုင်လအတွင်း စက်ရုံများပိတ်သိမ်းခြင်း၊ သူဌေးအပြောင်းအလဲဖြစ်သောကြောင့် ဆန္ဒပြခဲ့သောစက်ရုံများမှာ Myanmar handsome၊ Enjoy Fashion၊ LS  ဆောက် လုပ်ရေး၊ ယူထိုင်းစက္ကူပုံး၊ Nature Gement၊ ထွန်းသစ္စာကျားဖြူ (ခ) CSG တို့ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား ပြဿနာများမှာ ယခုအချိန်ထိတိုင် ပြေလည် မှုမရရှိသေးကြောင်း အလုပ်သမားများက ဆိုသည်။

အေးချမ်းသူ
The Voice

No comments:

Post a Comment