Wednesday, July 31, 2019

ယင်းမာပင်၌ ကျေးရွာမီးလင်းရေးဆောင်ရွက်စဉ် ရွာခံများနှင့် လုံခြုံရေးရဲတို့ ပဋိပက္ခဖြစ်ပွား၊ ရွာသားသုံးဦး သေနတ်ဒဏ်ရာရ

Image may contain: one or more people and outdoor
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေး ဆောင်ရွက်ခြင်းကို ကန့်ကွက်ရာမှ ရွာသူ၊ ရွာသားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ် ပွားခဲ့ရာမှ ပြန်လှည့်ကျေးရွာသားသုံးဦး ရော်ဘာကျည်ဆန် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် ပြန်လှည့်ကျေးရွာအုပ်စု ပြန်လှည့် ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်မီးကို အုန်းတောကျေးရွာသို့လည်း လျှပ်စစ်ဓာတ်အား ပေးရန် ဌာနဆိုင်ရာများက လုံခြုံရေးရဲတပ်ဖွဲ့အင်အားဖြင့် လာရောက်လုပ်ကိုင်စဉ် ပြန်လှည့် ကျေးရွာသားများက တားဆီးသဖြင့် ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်းသိရသည်။
"ပြန်လှည့်ရွာကနေ အုန်းတောရွာကို လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ရာမှာပြဿနာဖြစ်ကြတာပါ။ အိမ်ခြေက စိပ်၊လမ်းကကျဉ်းမို့ ရွာအပြင်က မီးကြိုးဆွဲဖို့ပြန်လှည့်ရွာသားတွေက တောင်းပန်တယ်။ တောင်းပန်လို့မရတဲ့အတွက် ခုလိုဖြစ်ရတာပါ။ မီးလိုင်းကြိုးတွေကအရမ်းနီးကပ်တဲ့အတွက် အန္တရာယ်ရှိတယ်ဆိုပြီးရွာက ငြင်းကြတဲ့နေရာမှာ မြို့နယ်ကလိုက်ပါလာတဲ့ ရဲတွေက သေနတ်နဲ့ ပစ်ဖောက်တယ်။ သေနတ်ထိမှန်သူတွေကို မုံရွာဆေးရုံကြီး ပို့လိုက်တယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကျေးရွာမီးလင်းရေးကော်မတီများပါဝင်သော အဖွဲ့က ဇူလိုင် ၃၁ ရက်နံနက် ၉ နာရီကတည်းက မီးတိုင်လာစိုက်ခြင်းဖြစ်ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင်ပြန်လှည့်ကျေးရွာသားများက ကန့်ကွက်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေနတ်ဒဏ်ရာရရှိ သူသုံးဦးမှာ အမျိုးသားများဖြစ်ပြီး ရင်ဘတ်၊ ၀မ်းဗိုက်၊ လက်မောင်းနှင့် မျက်နှာ တို့တွင်အရေပြားပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"ကျေးရွာ စီ/ခန့်ဥက္ကဋ္ဌကို မေးကြည့်ပြီး သိရသလောက်က နှစ်ဖက်မီးလင်းရေးကော်မတီတွေက ကျေနပ်တယ်။ပြန်လှည့်ရွာခံတချို့က ကန့်ကွက်တာ။ ပြန်လှည့်ကျေးရွာအုပ်စုထဲမှာအုန်းတောရွာပါတယ်။ ကျေးရွာအုပ်စုတစ်အုပ်စုတည်းတွေဖြစ်တဲ့အတွက် သူတို့က နားလည်မှုပေးရမယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့စာထွက်ထားပြီးသားကို မီးလင်းရေးကော်မတီတွေ အကုန်လုံးကိုချပြထားပြီးသားပါ။ ဘယ်သူမှ တားပိုင်ခွင့်မရှိဘူး။ ပြန်လှည့်မီးရရှိဖို့ ကျွန်မတို့ ကြိုးစားပေးခဲ့တာ။ ပြန်လှည့်မီးက NEP အစီအစဉ်နဲ့ မဟုတ်ဘူး။ ကျွန်မတို့ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်နဲ့လုပ်ပေးထားတာ။ ခုလိုဖြစ်တာကို ကျွန်မတို့အနေနဲ့ မဖြစ်သင့်ဘူးလို့ထင်တယ်။ ကျွန်မတို့ ကံသာရွာနဲ့ ပြန်လှည့်က နှစ်မိုင်ကျော်ကျော်လောက်ပဲ ဝေးပါတယ်" ဟုလွှတ်တော်တက်ရောက်နေသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်မေရီက ဇူလိုင် ၃၁ ရက်ညနေပိုင်းတွင် စံတော်ချိန်ကို ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ရွာသားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးထိန်းသိမ်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ညနေ ၃ နာရီက ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ ခရိုင်လျှပ်စစ်၊ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများနှင့်အတူ ယင်းမာပင်မြို့နယ် အုန်းတောရွာနှင့် ရွှေညောင်ပင်ကျေးရွာမီးလင်းရေးအတွက် NEP အစီအစဉ်ဖြင့် 11 KV လိုင်းဆွဲနိုင်ရေးကျေးရွာမီးလင်းရေး ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
သတင်း - နိုင်ဝင်းစိုး 
ဓာတ်ပုံ - Aung Htet Aung FB

No comments:

Post a Comment