Wednesday, July 3, 2019

ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စဖြင့် တရားစွဲခံရသော တောင်သူသုံးဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၄ လချ


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ အနီး တည်ဆောက်နေသောဘိလပ်မြေစက်ရုံစီမံကိန်းမှ စက် ရုံကုန်ထုတ်လမ်း စီမံကိန်းပေါ် ကျူးကျော်သည်ဆိုကာ တရားစွဲ ဆိုခံရသော တောင်သူသုံးဦးကို ဇူလိုင် ၂ ရက်တွင် ယင်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင် ဒဏ် ၁၄ လ အမိန့်ချခဲ့သည်။ 
ပြည်သူပိုင်လမ်းပေါ် ကျူး ကျော်သည်ဆိုကာ အောင်သပြေ ကျေးရွာဒေသခံ ဒေါ်မြမြ၊ ဦးသန်း ပိုင်နှင့် သရက်ကိုင်းကျေးရွာဒေသ ခံ ဒေါ်မြတို့ကို လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် လမ်းတံတား ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ပြီးခဲ့သည့်နှစ်က တရားစွဲဆိုခြင်း ဖြစ်သည်။ 
လမ်းတံတား ဥပဒေပုဒ်မ ၂၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁)နှစ်နှင့် လမ်းတံတားဥပဒေ ပုဒ်မ ၂၃ အရ အလုပ်နှင့် ထောင် ဒဏ်နှစ်လ အမိန့်ချရာ အဆိုပါ ပြစ်ဒဏ်ကို သီးခြားစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။ 
အမိန့်ချခံတောင်သူများ၏ ရှေ့နေဦးစည်သူက ‘‘တရားရုံးက ချမှတ်တဲ့အမိန့်ဟာ အမှုတွဲပေါ် ပေါက်ချက်အရ ပြည့်စုံစွာသုံးသပ် မှုမရှိဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယူခံ တက်သွားမယ်’’ဟု ပြောသည်။ 
တောင်သူသုံးဦးသည် ပြီးခဲ့ သည့်နှစ်ကစ၍ တစ်နှစ်ခန့်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ အမှုရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် ထောင်ဒဏ် ၁၄ လအမိန့်ချသဖြင့် သုံးလခန့် ပြစ်ဒဏ်ကျခံရဦးမည် ဖြစ်သည်။ 
ပုသိမ်ကြီးမြို့နယ် အောင် သပြေကျေးရွာအနီး တည် ဆောက်နေသော ဘိလပ်မြေစက် ရုံစီမံကိန်းသည် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးနိုင်သည် ဆိုကာ ဒေသခံအချို့က ကန့်ကွက်နေသည်။ 
၁၈ ပေအကျယ်ရှိကာ နှစ် မိုင် ခုနစ်ဖာလုံခန့်ကွာဝေးသော အောင်သပြေ-သရက်ကိုင်းကျေး ရွာချင်းဆက်လမ်းပေါ် လမ်းဦးစီး ဌာနက ပေ ၅၀ အကျယ်ချဲ့ပြီး စက်ရုံ ဝင်၊ ထွက်လမ်းအဖြစ် အသုံးပြုရန် ဆောင်ရွက်ရာ၌ တောင်သူများ ကျူးကျော်သည်ဆိုကာ ယင်းသို့ ပြစ်ဒဏ်ချမှတ် ခဲ့သည်။ 
ထို့အပြင် ဒေသခံတောင်သူအချို့သည် တရားမဝင်ဆန္ဒထုတ် ဖော်မှု၊ စက်ရုံ ဝင်၊ ထွက်ကားများ ကို တားဆီးပိတ်ဆို့မှု၊ အကျိုးဖျက်ဆီးမှု စသည်တို့ဖြင့် တရားစွဲဆိုခံ ရသည်။

7Day

0 comments:

Post a Comment