ရန်ကုန်တိုင်းအတွင်း ယခုနှစ် မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်မှုကြောင့် ယခင်နှစ်ထက် ရေကြီးရေလျှံ ဖြစ်ပွားမှု ၇၅ ရာခိုင်နှုန်း သက်သာခဲ့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၁၁) ၊ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဟန်က ဇူလိုင် ၁ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ရေစီးရေလာနဲ့ ရေဆိုးက ကျွန်တော့်လုပ်ငန်း ဖြစ်ပါတယ်။ ရေစီးရေလာ လုပ်ငန်းက မိုးမကျခင် ကတည်းက ကျွန်တော်တို့ ၃၃ မြို့နယ်မှာ ဘတ်ဟိုးတွေနဲ့ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခဲ့လို့လည်း ရေစီးရေလာက အရင်နှစ်ထက် ၇၅ ရာခိုင်နှုန်း သက်သာသွားပါတယ်။ ဆက်လက်လည်း လုပ်ဆောင်နေပါတယ်။ စက်ယန္တရားတွေ မှာယူဖို့ကိုလည်း အစီအစဉ်ဆွဲထားပါတယ်” ဟု ဦးမင်းဟန်က ပြောကြားသည်။
ရေကြီးမှုအား မိုးတွင်းရောက်မှ သတိရကြောင်း၊ သက်ဆိုင်ရာ မြို့နယ် ၃၃ မြို့နယ် တွင်ရှိသည့် မြို့နယ် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် ၁၊ ၂၊ ၃ အတွင်းရေးမှူးတို့သည် သက်ဆိုင်ရာ နေရာများတွင် ရေကြီးနိုင်မှုများကို သိသဖြင့် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြပြီး ကြိုတင်ဆောင်ရွက်မှုများ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
“မိုးမကျခင် ကတည်းက မြောင်းတွေကို ရှင်းခဲ့တယ်။ မိုးကျလာပြီ ဆိုရင်လည်း တောက်လျှောက် ရှင်းနေတာ တစ်ပိုင်း ဖြစ်ပါတယ်” ဟု ဒေါ်လှိုင်မော်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုအား ရပ်ကွက်များမှ ထွက်သည့် မြောင်းအားလုံးသည် သဘာဝချောင်း၊ မြောင်းများထဲသို့ စီးဆင်းနေကြောင်း၊ သဘာဝချောင်း၊ မြောင်းများအား ဆောင်ရွက်ရသည့် အချိန်တွင် ယခင်ကရှိခဲ့သည့် စနစ်သည် လက်ရှိအချိန်နှင့် ကိုက်ညီမှု ရှိသည်မရှိခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေနှင့် ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် Development Partner များဖြင့် ဆောင်ရွက်နေမှုများ ရှိကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
“ပထမ တစ်ခုက ကမ္ဘာ့ဘဏ် ပရောဂျက် ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် ပရောဂျက်မှာ Disaster Risk နဲ့ ပတ်သက်တဲ့ ပရောဂျက် ဖြစ်ပါတယ်။ အဲဒီမှာ ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီး လေ့လာ ဆန်းစစ်တဲ့အပိုင်း ပါဝင်ပါတယ်။ ရေကြီးရေလျှံမှုကို ကမ္ဘာ့ဘဏ် ပရောဂျက်က ဆန်းစစ်နေပြီးတော့ ကျန်တဲ့ ချောင်းကြီး၊ မြောင်းကြီး ၂၀ ကျော် ရှိပါတယ်။ ဒါတွေမှာလည်း ဦးစားပေး အစီအစဉ်နဲ့ ဆောင်ရွက်ပြီးတော့ JICA နဲ့ ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရေတို ဆောင်ရွက်နေသည့် ကိစ္စများအပြင် ရေရှည် ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေအနေ တိုးတက်မှုများကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၏ ရေးစီးရေလာ တည်ဆောက်ထားမှု ပုံစံသည် လူဦးရေ လေးသောင်းမှ ခြောက်သောင်းအထိတည် ဆောက်ထားသည့် မြောင်းများ ဖြစ်ကြောင်း၊ လက်ရှိတွင် ရေသုံး များပြားလာပြီး လူဦးရေသည် ၇ ဒသမ ၂ သန်းခန့် ရှိကြောင်း၊ တိုက်များ အထပ်မြင့်မားလာကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
“ ရှိတဲ့ရေးစီးရဲ့ ပမာဏနဲ့ ရေသုံးတဲ့ ပမာဏက မကာမိဘူး၊ အဲဒါကို ပထမဦးဆုံး မြောင်းတွေ စီးဆင်းမှုအတိုင်း ပုံမှန် စီးဆင်းအောင်ဆိုပြီးတော့ အဲဒါတွေကို ဆယ်တယ်။ အဲဒါကို လုပ်ရတယ်။ ထပ်ပြီးတော့ တိုးတာတွေ လုပ်ရတယ်။ အဲဒါကို ကမ္ဘာ့ဘဏ်ရယ် အင်တာနေရှင်နယ်တွေက ချေးငွေတွေနဲ့ လုပ်ရပါတယ်။ ထပ်ချဲ့ဖို့ ရှိပါတယ်။ ဒါက ရေရှည်ပေါ့။ ရေတိုကတော့ မြောင်းတူးတယ်။ မြောင်းချဲ့တယ်။ရေကြီးပြီဆိုတာနဲ့ ကျွန်တော်တို့မှာ နည်းနည်းစိုးရိမ်နေရတယ်။ ပူနေရတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
Eleven Media Group

No comments:
Post a Comment