Tuesday, July 2, 2019
ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင်အမြန်ရေယာဉ်အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်
ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင် အမြန်ရေယာဉ်အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပွဲအား ဇွန် ၃ဝရက်က ရန်ကုန် မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရေလမ်းခရီးကိုသာ အဓိကအားကိုး အသုံးပြုနေရသည့် ရခိုင်ဒေသရှိ ပြည်သူများ ရေကြောင်းလမ်းခရီးကို ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် လုံခြုံစိတ်ချခိုင်ခန့်သည့် ခေတ်မီရေယာဉ်များ လိုအပ်နေခြင်းကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ခရီးသည် တင်အမြန်ရေယာဉ်သုံးစင်းအား ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလွှဲပြောင်းပေးတာက ကစ္ဆပနဒီ (၃) အမြန်ရေယာဉ်ဖြစ်ပါတယ်။ ပထမနှစ်စင်းက ဂျပန်မှာပြေးဆွဲနေတဲ့ ရေယာဉ်ကို လွှဲပြောင်းပေးတာဖြစ်ပြီး အခုတစ်စင်းက အသစ်တည်ဆောက်ပေးတာဖြစ်ပါတယ်။ အဲဒီရေယာဉ်က ၂၀၁၉ ခုနှစ် မတ်လကတည်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတာဖြစ်ပြီး အခုမှလွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ ကစ္ဆပနဒီ (၃) ရေယာဉ်ကို ဘေးကင်းလုံခြုံဖို့နဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ဆိုပြီး ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama က ပြောကြားသည်။
ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ခရီးသည်တင်အမြန်ရေယာဉ်သုံးစင်းမှာ ပထမအသုတ်အနေဖြင့် ဂျပန်ယန်း သန်း ၅၀၀ တန်ဖိုးရှိ ဂျပန်နိုင်ငံတွင် အသုံးပြုနေဆဲရေယာဉ် နှစ်စင်းအား ကစ္ဆပနဒီ (၁) နှင့် ကစ္ဆပနဒီ (၂) ရေယာဉ်များအဖြစ်ပေးပို့ခဲ့ရာ ကစ္ဆပနဒီ (၁) ရေယာဉ်မှာ ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ပြီး ဧပြီ ၁၀ ရက် မှစတင်ကာ စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးလမ်းပိုင်းများတွင် ပြေးဆွဲလျက်ရှိသည်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ကစ္ဆပနဒီ (၂) ရေယာဉ်မှာ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁ ရက်မှစတင်ကာ စစ်တွေ -မြေပုံ-ကျောက်ဖြူခရီးလမ်းတွင် ပြေးဆွဲနေကြောင်း သိရသည်။
ယခုလွှဲပြောင်းပေးအပ်သည့် ကစ္ဆပနဒီ (၃) အမြန်ရေယာဉ်မှာ ဂျပန်နိုင်ငံမှ Grand Aid အစီအစဉ်ဖြင့် ဂျပန်ပြည်သူများမှ လှူဒါန်းငွေ ဂျပန်ယန်း သန်း ၁၀၀ ဖြင့် ဂျပန်နိုင်ငံ စုမိဒဂဝသင်္ဘောကျင်းတွင် အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကစ္ဆပနဒီ (၃) အ မြန်ရေယာဉ်မှာ ကမ်းရိုးတန်းရေယာဉ်အမျိုး အစားဖြစ်ခြင်းကြောင့် စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို ပင်လယ်ပြင်ကို ဖြတ်သန်း၍ တိုက်ရိုက်ခရီးစဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်တွေ-ကျောက်ဖြူခရီး လမ်းမှာ ယခင်က မြစ်အတွင်းမှသာခုတ်မောင်းခဲ့ရသဖြင့် ခုတ်မောင်းချိန် ခုနစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ယခုအခါ ကမ်းရိုးတန်းအပြင်လမ်းမှ ခုတ်မောင်းနိုင်မှာဖြစ်သည့်အတွက် ကြာ မြင့်ချိန် လေးနာရီခန့်သာ ကြာတော့မည်ဖြစ်ကြောင်း သိရသည်။
ကစ္ဆပနဒီ (၃) အမြန်ရေယာဉ်မှာ အတိုင်းအတာအားဖြင့် ၃၄ ဒသမ ၇၁ မီတာ × ၆ ဒသမ ၀၀ မီတာ× ၂ ဒသမ ရဝမီတာရှိပြီး ရေစူးအနက် ၁ ဒသမ ၂၆မီတာ ရှိကာ ကိုယ် ထည်အမျိုးအစားမှာ High –Tensile Strength Steel & Aliminium Alloy ဖြစ်ပြီး တစ်နာရီ ၂၅ မိုင်နှုန်းပြေးဆွဲနိုင်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment