Tuesday, July 30, 2019

မက္ကဆီကိုတွင် ရာဇဝတ်သားများထံက သိမ်းဆည်းရမိသည့် အဖိုးတန်ပစ္စည်းများ လေလံတင်

မက္ကဆီနိုင်ငံ မြို့တော်မက္ကဆီကိုစီးတီးမှာ ရာဇဝတ်သားတွေဆီက သိမ်းဆည်းရမိတဲ့ အဖိုးတန်ပစ္စည်းတွေကို ဇူလိုင် ၂၈ ရက်က အခမ်းအနားနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ 

ဒါဟာ  ဆင်းရဲနွမ်းပါးသူတွေကို ကူညီ ထောက်ပံ့ရေး “Robin Hood” စီမံကိန်း တစ်စိတ်တစ်ပိုင်းပါ။  
မူးယစ်ဂိုဏ်းတွေ၊ ရာဇဝတ်သမားတွေနဲ့ အခွန်ရှောင်သူတွေဆီက သိမ်းဆည်းရမိတဲ့ အဖိုးတန် ကျောက်မြတ်ရတနာတွေကို တနင်္လာနေ့ လေလံပွဲမှာ ပြသခဲ့ပါတယ်။
အဲဒီထဲမှာ ရှားပါးတဲ့ ဆွစ်ဇာလန်နိုင်ငံထုတ် ပီယာဂျဲယ် ရွှေဖြူ နာရီတစ်လုံးလည်းပါပါတယ်။  မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒိုက သမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ ၂၀၁၈ ဒီဇင်ဘာလကစပြီး ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ကြီးနိုင်ငံသားတွေအတွက် လူမှုဖူလုံရေး ပရိုဂရမ်တွေ ဆက်တိုက်ဆိုသလို လုပ်ပေးခဲ့ပါတယ်။ 
ဒါ့အပြင် သူဟာ ထိပ်တန်း အစိုးရဝန်ထမ်းတွေကို လစာဖြတ်တောက်ခဲ့ပြီး လာဘ်စား မှုတွေကို တိုက်ဖျက်တာဟာ ပြည်သူ့ရန်ပုံငွေကို ထိန်းသိမ်းတာလို့ ပြောပါတယ်။
ရာဇဝတ်သားတွေဆီက သိမ်းဆည်းရမိတဲ့ အဖိုးတန် ပစ္စည်းတွေကို လေလံတင်ရောင်းပြီး ရလာတဲ့ အကျိုးအမြတ်ကို ဆင်းရဲ နွမ်းပါးသူတွေကို ကူညီမယ့် စီမံကိန်းကို သမ္မတ အိုဘရာဒိုက ဧပြီလ ကတည်းက ကြေညာခဲ့တာပါ။  
မက္ကဆီကိုနိုင်ငံရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုရဲ့ ခန့်မှန်းခြေ ၅ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းလောက်ဟာ နှစ်စဉ် အကျင့်ပျက်ခြစားမှုတွေကြောင့်  ဆုံးရှုံးနေရတယ်လို့ စီးပွားရေး ပူးပေါင်းမှုနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာက ပြောပါတယ်။ 
DVB

No comments:

Post a Comment