ပဲခူးတိုင်းမြို့နယ်အများစုတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် ရွှေစွမ်းအင်ကုမ္ပဏီအနေနှင့် အရှုံးပေါ်သဖြင့် မြို့ ၂၈ မြို့အတွင်း ဓာတ်အားဖြန့်ဖြူးမှုကို ဆက်လက် မလုပ်ကိုင်တော့ဘဲ တိုင်းအစိုးရထံ ပြန်လည်လွှဲအပ်ထားကြောင်း ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။
တိုင်းအစိုးရဝန်ကြီးတစ်ဦးက “ကုမ္ပဏီက အစိုးရဆီကနေ တစ်ယူနစ်ကို ၅၈ ကျပ်နဲ့ဝယ်ပြီး တစ်ဆင့်ပြန်ဖြန့်တာပါ။ အခုပြန်ပြီးအပ်တာ မြို့ပေါင်း ၂၈ မြို့ရှိပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ မြို့ ၆ မြို့မှာ အင်းတကော်ကိုပဲ တစ်ယူနစ် ၇၇ ကျပ်နှုန်းနဲ့ အစိုးရဆီကဝယ်ရတယ်”ဟု ပြောကြားသည်။
ရွှေစွမ်းအင်ကုမ္ပဏီအနေနှင့် လက်ရှိတွင် တောင်ငူ၊ ကေတုမတီ၊ ပဲခူး၊ အင်းတကော်၊ ဘုရားကြီးနှင့် ဘုရားကလေးမြို့များတွင်သာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဆက်လက်လုပ်ကိုင်နေကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနထံမှ သိရှိရသည်။
ရွှေစွမ်းအင်ကုမ္ပဏီသည် အင်းတကော်မြို့တစ်မြို့သာလျှင် တစ်ယူနစ် ၇၇ ကျပ်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ကျန်ငါးမြို့၌ တစ်ယူနစ် ၅၈ ကျပ်သာ ပေးသွင်းဖြန့်ဖြူးခွင့် ရရှိနေဆဲဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ရွှေစွမ်းအင်ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သည့် ပဲခူးဒေသခံများထံမှ သိရသည်။
ယခင်က သုံးစွဲသည့် မီတာယူနစ်အလိုက် တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၇၅ ကျပ်အထိ လျှပ်စစ်ဝန်ကြီးဌာနက ကောက်ခံခဲ့သော်လည်း ဇူလိုင် ၁ ရက်မှစတင်ကာ တစ်ယူနစ် ၃၅ ကျပ်မှ ကျပ်နှစ်ရာအထိ သုံးစွဲသည့်ယူနစ်အလိုက် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအချို့ အရှုံးပေါ်သည်ဆိုပြီး ပဲခူးတိုင်းအတွင်း မြို့ပေါင်း ၂၈ ခုကို လုပ်ငန်းပြန်လည်အပ်နှံခဲ့သည့် ရွှေစွမ်အင်ကုမ္ပဏီ တာဝန်ရှိသူများထံ The Voice သတင်းစာက ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။
ပဲခူးဒေသခံများက ရွှေစွမ်းအင်ကုမ္ပဏီ၏ မီတာခကောက်ခံမှုစနစ်ကို မကျေနပ်သဖြင့် ဇူလိုင်၂၂ ရက်က ပဲခူးတိုင်း လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွှေစွမ်းအင် ကုမ္ပဏီတာဝန်ရှိသူများက ဒေသခံများကို ရှင်းလင်းတင်ပြခဲ့သော်လည်း အများစုကကန့်ကွက်ခဲ့ကြကြောင်း တက်ရောက်ခဲ့သူများထံမှ သိရသည်။
ယင်းကုမ္ပဏီသည် တပ်မတော်အစိုးရလက်ထက်က သောက်ရေခပ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခွင့်ရရှိခဲ့သည့်အတွက် ဦးသိန်းစိန် အစိုးရလက်ထက်မှစတင်ကာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံ မဂ္ဂါဝပ်အလိုက် ပြန်လည် ရောင်းချခွင့်လည်းရရှိထားကြောင်း ယင်းဌာနမှတ်တမ်းအချို့အရ သိရှိရသည်။
The Voice






0 comments:
Post a Comment