မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သီးခြားဆွေးနွေးမှုများ ရှိသင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကဇူလိုင် ၂ရက်တွင် ပြောသည်။
''ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဆင်ပြေပြေ သွားနိုင်ဖို့ အတွက်ကျွန်တော်စဉ်းစားထားတာကို ပြောရမယ်ဆိုရင် လက်ရှိနယ်မြေ တပ်တို့  ပြည်သုလူထုတို့ ပိုင်ပိုင်နိုင်နိုင်ရှိတဲ့
''ဝ'' တို့ မိုင်းလားတို့ ကို သီးခြားဆွေးနွေးပြီး ပုံစံတစ်မျိုးဖြေရှင်းရမယ်ဗျ တစ်ခြား နယ်မြေတို့ တပ်တို့ သီးခြားမရှိသေးတဲ့အဖွဲ့အစည်းတွေကိုတော့ NCAစာချုပ်အတိုင်းသွားဖို့ ဆွေးနွေးနိုင်ဖို့ ကောင်းတယ်ဗျ အားလုံးကိုရောပြီး ဆုံထဲထည့် ထောင်းသလို ဆွေးနွေးမှုကတော့ အဆင်မပြေနိုင်ဘူး''ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားနိုင်ခဲ့သည်။
''ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက စတင်ခဲ့တာ ၈နှစ်ကျော်၉နှစ်နီးပါးရှိလာခဲ့ပေမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကိစ္စက ပီပီပြင်ပြင်မရှိသေးတာတွေ့ရသလို အခုဆို ငြိမ်းချမ်းရေးဆွေးနွေးမှုက ရပ်တန့် နေတာတွေ့ရတယ် နှစ်ဖက်စလုံးမှာ ယုံကြည်မှုတည်ဆောက်ရေးက အားနည်းနေတုန်းပဲ တိုက်ပွဲတွေကလည်း ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်ရှိနေဆဲပဲ တိုင်းပြည်ငြိမ်းချမ်းစေချင်တဲ့စေတနာရှိဖို့ လိုနေတယ် ဒီလိုပဲပွင့်ပွင့်လင်းလင်း ပြောချင်တယ်''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
လက်ရှိအချိန်တွင် စစ်တိုင်းဒေသကြီး ၅တိုင်းတွင် တပ်မတော်ကအပစ်ရပ်ကာလကို ဇွန်လကုန်မှစ၍ နောက်ထပ်နှစ်လ ထပ်မံတိုးမြှင့်လိုက်သည်
ယင်းအခြေအနေသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားဆဲ အနေအထားဖြစ်ကြောင်း စစ်ရေးနိုင်ငံရေးသုံးသပ်သူများက သုံးသပ်ပြောဆိုနေကြသည်။
ကိုဖူးသစ်
Isee Media







0 comments:
Post a Comment