
ယနေ့ (ဇူလိုင်လ ၂၅ ရက်) မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်တွင်တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတွင် နောက်ထပ် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး တိုင်းနှင့်ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။
နောက်နှစ်ရက်အတွင်း ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက် ပိုနေမည်ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နေရာကွက်ကြားမိုးထစ်ချုန်းရွာမည်ဟု သိရသည်။
သတင်း - လင်းခန့်
ဓာတ်ပုံ - မိုးဇလ






0 comments:
Post a Comment