Wednesday, July 31, 2019

ဆိုလာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီ ၅ ခုခန့် လာရောက်ဆွေးနွေး

မြန်မာနိုင်ငံအတွင်းရှိ ဆိုလာစွမ်းအင်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၅ ခုခန့် လာရောက်ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
“မြန်မာနိုင်ငံအလယ်ပိုင်းမှာဆို ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆိုလာစွမ်းအင်ပိုင်းကို ဦးစားပေးလာတယ်။ ဒါကို ဘယ်လိုလုပ်သိလဲဆိုတော့ ဆိုလာစွမ်းအင်နဲ့ပတ်သက်လို့ ထိုင်းကုမ္ပဏီ ၄၊ ၅ ခု လောက်က ကျွန်တော်တို့ကို လာဆွေးနွေးတယ်”ဟု ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် သီလဝါစက်မှုဇုန်တွင်လည်း Manufacturing လုပ်ငန်းများဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်း ဆိုလာစွမ်းအင်လုပ်ငန်းများဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၀ ကျော်ရှိပြီး ယင်း ၈၀ ကျော်ထဲတွင် စင်ကာပူနှင့် တရုတ်က အများဆုံးရင်းနှီးမြှုပ်နှံထားပြီး တတိယအများဆုံးမှာ ဟောင်ကောင်ဖြစ်ကာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံဖြင့် စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၅ ဘီလီယံရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်းက အမေရိကန်ဒေါ်လာ ၂၁ သန်းသာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်များတွင် ဖော်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E.Mrs.Suphatra Srimaitreephithak က ပြောကြားထားသည်။

ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင် ၂၀၁၇ ခုနှစ် ထက် ၁၂ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်းမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်အရေအတွက်သည် ၇ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းသည့် သွင်းကုန်များမှာလည်း ၂၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးထံမှ သိရသည်။

The Voice

No comments:

Post a Comment