Tuesday, July 2, 2019

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဆင်စွယ်ကျေးရွာမှ အသက် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးတွင် အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်


ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဆင်စွယ်ကျေးရွာမှ အသက် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးတွင် အသွင်ပြောင်း ပိုလီယို အကြောသေရောဂါပိုး တွေ့ရှိကြောင်း ဇွန် ၃၀ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
မေ ၂၃ ရက်က ဖာပွန်မြို့နယ် ကတိုင်တိတိုက်နယ်ဆေးရုံသို့ လတ်တလော ပျော့ခွေ အကြောသေ ရောဂါလက္ခဏာဖြင့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး တက်ရောက် ဆေးကုသခဲ့ကြောင်းနှင့် ယင်းကလေးငယ်၏ ဝမ်းနမူနာကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဒေသဆိုင်ရာ ရည်ညွှန်းဓာတ်ခွဲခန်းကြီးဖြစ်သော Specialized Polio Lab တို့သို့ ပေးပို့ စစ်ဆေးခဲ့ရာ ဇွန် ၂၃ ရက်တွင် အသွင်ပြောင်းပိုလီယို အကြောသေရောဂါပိုး (Vaccine-derived Poliovirus Type1) တွေ့ရှိရသည်ကို အတည်ပြုနိုင်ခဲ့ ကြောင်း သိရသည်။ 
“ အသွင်ပြောင်း ပိုလီယိုပိုး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နှင်းရေး) ဦးဆောင်တဲ့ ဗဟိုကွင်းဆင်းအဖွဲ့က ကရင်ပြည်နယ် ဖာပွန်မြို့နယ် နဲ့ ကတိုင်တိတိုက်နယ် ဆေးရုံကို ဇွန် ၂၄ ရက်ကနေ ၂၆ ရက်အထိ ကွင်းဆင်းခဲ့ပါတယ်။ ဒါ့အပြင် ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေနဲ့ ကာကွယ်ဆေး အမြန်ဆုံး တိုက်ကျွေးနိုင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ကိုလည်း ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ INGO တွေ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
ထို့ပြင် ဇွန် ၂၆ ရက်က ကတိုင်တိ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုး တွေ့ရှိရသည့် ဆင်စွယ်ရွာတွင် နေထိုင်သူ ကလေးငယ်နှင့် အလားတူ လတ်တလော ပျော့ခွေအကြောသေ ရောဂါလက္ခဏာရှိသူ ၀ါးသိုးကလား ကျေးရွာတွင် နေထိုင်သည့် အသက် နှစ်နှစ်အရွယ် ကလေးငယ်တို့ကိုလည်း လိုအပ်သည့် စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း နှင့် ကွင်းဆင်းအဖွဲ့၏ တွေ့ရှိချက်အရ ဖာပွန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ စုစုပေါင်း ၃၁၃ ခုရှိသည့်အနက် ၆၄ ခုကိုသာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုး တိုက်ကျွေးနိုင်မှုရှိပြီး ကျန် ၂၄၉ ရွာတွင် လုံခြုံရေး အခြေအနေကြောင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခြင်း လုံးဝမရှိကြောင်း နှင့် ပိုလီယို အကြောသေရောဂါ ဖြစ်ပွားသည့် ကလေးငယ်နှင့် အခြား လတ်တလော ပျော့ခွေအကြောသေ လူနာကလေးငယ်များသည် ပိုလီယို ကာကွယ်ဆေး တစ်ကြိမ်မျှ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကလေးနှစ်ဦးတွင် ကာကွယ်ဆေး အသွင်ပြောင်း ပိုလီယိုပိုး ပထမဦးဆုံးအကြိမ် စတင်တွေ့ရှိခဲ့ခြင်းကြောင့် ယင်းဒေသ အပါအဝင် ယင်းနှင့် ဆက်စပ်နေသည့် မြို့နယ ၁၅ မြို့နယ်တွင် အရေးပေါ် အစီအစဉ်ဖြင့် ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်။ ထိုအချိန်က တစ်နိုင်ငံလုံး၌ ပြုလုပ်မည့် ပုံမှန်ကာကွယ်ဆေးထိုး အီစအစဉ်၌ ကာကွယ်ဆေး ဒုတိယအကြိမ် ရရှိမည့် အသက် လေးလအရွယ် ကလေးငယ်များကို ပိုလီယိုအစက်ချ ကာကွယ်ဆေး အပါအဝင် ပိုလီယို ကာကွယ်ဆေး (ထိုးဆေး) ကိုပါ ထပ်ဆောင်း စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment