ဦးဝီရသူအမှုတွင် တရားလိုပြသက်သေ ခြောက်ဦးအား စစ်ဆေးခဲ့ပြီး သက်သေခံအဖြစ် ဦးဝီရသူ မြိတ်မြို့တွင် ဟောပြောခဲ့သည့် ဗီဒီယိုဖိုင်ကို ရုံးတော်က လက်ခံခဲ့သည်။
ဖမ်းဝရမ်း အထုတ်ခံထားရသည့် ဦးဝီရသူအမှုနှင့် ပတ်သက်ပြီး မျက်ကွယ်စစ်ဆေးမှုကို ဇူလိုင် ၂ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။
ရုံးချိန်းတွင် တရားလိုပြသက်သေ တိုင်းသာသနာရေး ဦးစီးအရာရှိ၊ ရာအိမ်မှူးနှင့် ရဲတပ်ကြပ် အပါအဝင် တရားလိုပြသက်သေ ခြောက်ဦးကို စစ်ဆေးခဲ့သည်။
ထို့နောက် ဦးဝီရသူ မြိတ်မြို့တွင် ဟောပြောခဲ့သည့် ဗီဒီယိုဖိုင်ကို ရုံးတော်မှ သက်သေခအဖြစ် လက်ခံခဲ့ပြီး နောက်ထပ်စစ်ဆေးရန် ကျန်ရှိသည့် တရားလိုပြ သက်သေသုံးဦးကို လာမည့်ရုံးချိန်းတွင် ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ရန်ကုန်မြို့အတွင်း ကျင်းပသည့်ပွဲ တစ်ခုတွင် ၎င်းဟောပြောခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် ဦးဝီရသူအား ရာဇဝတ် အထွေထွေ အမှုအမှတ် (၃၉/၂၀၁၉)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ဆောင်ရွက်နေကြောင်း သိရသည်။
ဆရာတော်ဦးဝီရသူ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ခေါ်ယူဆုံးမ သြဝါဒပေးမှုကို လိုက်နာခြင်း မရှိပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဇွန် ၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်း ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment