Tuesday, July 2, 2019

ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူးနှင့် အကြီးတန်းစာရေးကို အဂတိအမှုဖြင့် အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး မညို (ခ) ဒေါ်ညိုညိုဝင်းတို့ကို ဇူလိုင် ၂ ရက်နေ့က ရွှေဘိုမြို့ရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
အရေးယူခံရသူ နှစ်ဦးမှာ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဖိုး အမှန်တကယ် ကျသင့်ငွေထက် ငွေပိုမိုတောင်းယူခဲ့ကြောင်း တိုင်ကြားမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ 

စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မှာ ရွှေဘိုမြို့ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ ဦးပိုင်အမှတ် A.2 (21) ဧရိယာ (၀.၂၂၉) ဧကနှင့် A.2 (52) ဧရိယာ (၀.၂၃၀) ဧက စုစုပေါင်းမြေကွက် (၂) ကွက် ဧရိယာ (၀.၄၅၉) ဧကနှင့် ယင်းမြေကွက်ပေါ်ရှိ အဆောက်အဦတို့အား ကာလတန်ဖိုး သတ်မှတ်ခြင်းနှင့် တံဆိပ်ခေါင်းခွန် ငွေပေးသွင်းရန်အတွက် ကျပ်သိန်း ၃၀ ကို ပိုင်ရှင်၏ ကိုယ်စားလှယ်ထံမှ တောင်းခံရယူခဲ့သည်။ 

ယင်းနောက် ပိုင်ရှင်အမည်ဖြင့် ယခုနှစ် မေ ၂၉ ရက်က မြန်မာ့စီးပွားရေးဘဏ်သို့ အမှန်တကယ် တံဆိပ်ခေါင်းခွန် ပေးသွင်းသည့် ငွေသွင်းချလန်မှာ ၁၈ သိန်းကျော်သာဖြစ်ပြီး ပိုငွေ ၁၁ သိန်းကျော်ကို ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုမှာ အဂတိလိုက်စားမှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ နှစ်ဦးကို ရွှေဘိုမြို့မ ရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

The Voice

No comments:

Post a Comment