စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့မှ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို လျှပ်စစ်၊ ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နိုင်နေကြောင်း ယင်းထုတ်လုပ်မှုကို ဂျပန်နိုင်ငံမှ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
မုံရွာမြို့မှ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို လျှပ်စစ်၊ ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ FUGITA ကုမ္ပဏီက ရာခိုင်နှုန်း ၄၀ ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၆၀ ကိုမူ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နှစ်နှစ်လောက်ကြာမှာ အခုမှကွင်းဆင်း စစ်ဆေးနေတဲ့ အဆင့်ပဲ ရှိသေးတာ။ ဂျပန်နိုင်ငံ FUGITA ကုမ္ပဏီက အခမဲ့လုပ်ပေးမှာ။ စွန့်ပစ်အမှိုက်ကနေ ဓာတ်မြေသြဇာ ထုတ်မယ်။ ပြီးရင် လျှပ်စစ်ထုတ်လုပ်မယ်။ အဲဒီကုမ္ပဏီက သူတို့ရဲ့ အကျိုးအမြတ်အတွက် လုပ်ပေးတာ မဟုတ်ဘူး။ ဂျပန်နိုင်ငံက ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးကို ကူညီပေးတဲ့သဘော။ သူတို့က ရာခိုင်နှုန်း ၄၀ လောက် အထောက်အပံ့ပေးမှာ။ ပြီးရင် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက ရာခိုင်နှုန်း ၆၀ လောက် စိုက်ထုတ်ပေးရမှာ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
ဂျပန်နိုင်ငံ FUGITA ကုမ္ပဏီနှင့် မုံရွာ မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး စွန့်ပစ်အမှိုက်များကို ခြေဖျက်ကာ ဓာတ်မြေသြဇာထုတ်ခြင်း၊ လျှပ်စစ်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်သွားပါက နေ့စဉ်စွန့်ပစ် အမှိုက်များ ရှင်းလင်းသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ဆက်လက် ပြောကြားသည်။
မုံရွာမြို့အနေဖြင့် နေ့စဉ်တစ်ရက်စွန့်ပစ် အမှိုက်တန်ချိန် ၁၆၈ တန်ခန့်ထွက်ရှိရာ ယင်းအမှိုက်များအား စွန့်ပစ်ရန်အတွက် မြေနေရာ အခက်ခဲများလည်း ရှိခဲ့ဘူးကြောင်း အဆိုပါ စွန့်ပစ်အမှိုက်များကို ဂျပန်နိုင်ငံ အကူအညီဖြင့် လျှပ်စစ်၊ ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားပါက ဒေသခံများအတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment