လာမည့် ၂၀၂၀ အမေရိကန်သမ္မတ ရွေးပွဲတွင် မဲမပေးရန် ပြည်သူများအား လှုံ့ဆော်သည့် ကြော်ငြာများကို facebook လူမှုမီဒီယာကုမ္ပဏီက ပိတ်ပင်တော့မည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သော ကုမ္ပဏီ၏ Civil Rights ဆိုင်ရာ ဒုတိယမြောက် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
၂၀၁၉ နိုဝင်ဘာလ ၅ ရက် အမေရိကန်သမ္မတ ရွေးပွဲများမတိုင်မီ “မဲမပေးရ” လှုံ့ဆော်မှုအား ပိတ်ပင်ခြင်းကို သက်ရောက်စေရမည်ဟု facebook က ကတိပြုကြောင်း စီမံခန့်ခွဲရေးအရာရှိ ရှရယ်ဆန်းဘတ်က အစီရင်ခံစာ ထုတ်ပြန်သည့် ပို့စ်တွင် ပြောဆိုထားသည်။
င်္Facebook သည် မဲပေးသည့်နည်း စနစ်များ၊ ရွေးကောက်ပွဲရက်နှင့် အချိန်များ၊ မဲရုံတည်နေရာများကို သတင်းမှားဖြန့်ချိနေသည့် ပို့စ်များအား ပိတ်ပင်သည့် စည်းကမ်းချက်များကို မနှစ်ကတည်းက တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စည်းကမ်းများတွင် သတင်းမှား ဖြန့်ချိကာ ခြိမ်းခြောက်သည့် နည်းဗျူဟာများကို ပိတ်ပင်မှုများလည်း ပါဝင်သည်။
ယခု “မဲမပေးရ” လှုံ့ဆော်မှု ပိတ်ပင်ခြင်းမူဝါဒသည် အကောင်အထည်ဖော်နေဆဲ အဆင့်တွင်ရှိနေပြီး facebook က မဲပေးခြင်းဆိုင်ရာ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များကို တောင်းခံရန် ကြိုးစားနေသည်။
အဆိုပါ “မဲမပေးရ” လှုံ့ဆော်မှု ကြော်ငြာပိတ်ပင်ခြင်းမူဝါဒသည် စတင်ဖြန့်ချိသည့် အဆင့်တွင် အမေရိကန်ပြည် ထောင်စုအတွင်း၌သာ သက်ရောက်မည်ဖြစ်ပြီး အသုံးပြုသူ user များ၏ ပို့စ်များကို ပိတ်ပင်မည်မဟုတ်ပေ။
ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်သော facebook သည် ယခင်ရွေးကောက်ပွဲများတွင် သတင်းမှားများဖြန့်ချိရန် အသုံးချခြင်းကို ခံခဲ့ရသည်။ ၂၀၁၆ သမ္မတ ရွေးပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရစေရန်အတွက် ရုရှားဆိုက်ဘာစစ်ဆင်ရေးဌာန၏ ကြားဝင်ခြယ်လှယ်မှုများ ရှိခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးက ပြောဆိုထားသော်လည်း မော်စကိုဘက်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။
“ဒီကြော်ငြာမှာ ပစ်မှတ်ထားတဲ့ အပိုင်းတွေ ပါတဲ့အတွက် သတိထားမိတာပါ။ မဲပေးသူနည်းသွားစေမယ့် နိုင်ငံရေး ဗျူဟာတစ်ခု ဖြစ်ပါတယ်”ဟု facebook မူဝါဒဆိုင်ရာ ဒါရိုက်တာ နီးလ်ပေါ့တ်က ပြောကြားသည်။
မဲမပေးရကြော်ငြာသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းထားပြီး အာဖရိကန်လူမည်း user များကို ပစ်မှတ်ထားသည်ဟု သိရှိရသည်။
၂၀၂၀ အမေရိကန် သန်းခေါင်စာရင်း ကောက်ယူမှုမတိုင်မီတွင် သတင်းမှား ဖြန့်ချိမှုပိတ်ပင်ရေး မူဝါဒကိုလည်း စတင်ကျင့်သုံးသွားမည်ဟု facebook က ကတိပြုထားသည်။
င်္Facebook သည် ၎င်း၏ လူမှုကွန် ရက်ပလက်ဖောင်းပေါ်တွင်ရှိသော အနှိမ်ခံအသိုင်းအဝိုင်းများနှင့် တက်ကြွလှုပ်ရှားသူများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန် ကြိုးစားသည့်အနေနှင့် Civil Rights နှစ်စဉ် အစီရင်ခံစာကို ၂၀၁၈ မှစ၍ ထုတ်ပြန်ခဲ့သည်။
Facebook သည် ယခင်က သတင်းမှားဖြန့်ချိမှုများကို ယတိပြတ်ပိတ်ပင်ခြင်း မပြုခဲ့ဘဲ အဆင့်လျှော့ချခြင်းနည်းလမ်းဖြင့် လူအများထံ မပျံ့နှံ့စေရန် လုပ်ဆောင်သည့်စနစ်ကို အသုံးပြုခဲ့သည်။
Facebook သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲများအတွင်း သတင်းမှားဖြန့်ချိမှုကို တိုက်ဖျက်ရန်အတွက် ပထမဆုံး war room ကို တည်ထောင်ခဲ့ပြီးနောက် ယခုနှစ်တွင် ဘရာဇီး၊ အိန္ဒိယနှင့် ဥရောပတွင် ရွေးကောက်ပွဲများမတိုင်မီ အလားတူ War rooms များကို ထူထောင်ပေးခဲ့သည်။
The Voice







0 comments:
Post a Comment