Monday, July 1, 2019

အာဇာနည်များ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုများကို အာဇာနည်ဗိမာန်တွင် Graphic Board ဖြင့် ပြသမည်

(၇၂) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်ရပ်များကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အတွင်း Graphic Board ဖြင့် ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။ 
“ဒီနှစ်မှာ Graphic Board နဲ့ အာဇာနည်ခေါင်းဆောင်ကိုးဦးရဲ့ သမိုင်းဖြစ်ရပ်တွေကို မနှစ်ကလို ပြသမယ်။ အဝင် ဘက်လမ်းမှာလည်း Graphic Board နဲ့ ပြထားတယ်။ အထွက်ဘက် ဂိတ် ၁ မှာလည်း ပြထားပါတယ်”ဟု ဦးသန်းက ဆိုသည်။ 

(၇၂) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

အာဇာနည်ဗိမာန် ဝင်ပေါက်နှင့် ထွက်ပေါက်လမ်းတွင် ဂရပ်ဖစ်ဘုတ်များကို စိုက်ထူထားပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စဝ်စံထွန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင်၊ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ မှတ်တမ်းများလည်း ဂရပ်ဖစ်ဘုတ်တွင် ပြသထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

မူလအာဇာနည်ဗိမာန်ကြီးတွင် ၁၉၈၃ ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စက်မှုတက္ကသိုလ် ဗိသုကာဌာနက အသစ်ရေးဆွဲခဲ့သော ဒီဇိုင်းအတိုင်း ၁၉၈၄ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်တည်ဆောက်ခဲ့ရာ ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် ဂုဏ်ပြုအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ 

နှစ် ၃၀ ကျော်ကြာ တည်ရှိခဲ့သည့် အာဇာနည်ဗိမာန်ကြီးတွင် မူလဒီဇိုင်း၏ ဗိသုကာလက်ရာ ၈၀ ရာခိုင်နှုန်းသာ မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ယခုအစိုးရသစ်လက်ထက်တွင်မူ မူလ ဗိသုကာဒီဇိုင်းလက်ရာအတိုင်း ပြုပြင်မွမ်းမံမှုများကို ပြန်လည် လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

The Voice

No comments:

Post a Comment