Tuesday, July 2, 2019

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် (၁) နေရာတွင် မြန်မာနိုင်ငံ ငါးလဆက်တိုက် ရပ်တည်နိုင်ခဲ့သော်လည်း ထုတ်လုပ်မှုစရိတ် ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖိအား ပြင်းထန်နေ


၂၀၁၉ ခုနှစ် ဇွန်လ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း PMI(Manufacturing Purchasing Manager’s Index ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ထိပ်ဆုံးနေရာတွင် ငါးလဆက်တိုက် ရပ်တည်နိုင်ခဲ့သော်လည်း ထုတ်လုပ်မှုစရိတ်ဆက်တိုက် မြင့်တက်လာခြင်းကြောင့်ငွေကြေးဖောင်းပွမှု ဖိအားပြင်းထန်နေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။ 
စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံက မေလနှင့် နှိုင်းယှဉ်ကြည့်လျှင် ဇွန်လ၏လုပ်ကိုင်မှုအခြေအနေများ တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တစ်ဟုန်ထိုးတိုးတက်လျက်ရှိသည်။ 
၂၀၁၉ ခုနှစ် ဇွန်လ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ၅၃၊ ဗီယက်နမ်နိုင်ငံက ၅၂ ဒသမ ၅၊ ဖိလစ်ပိုင်နိုင်ငံက ၅၁ ဒသမ ၃၊ ထိုင်းနိုင်ငံက ၅၀ ဒသမ ၆၊ အင်ဒိုနီးရှားနိုင်ငံက ၅၀ ဒသမ ၆၊ မလေးရှားနိုင်ငံက ၄၇ ဒသမ ၈၊ စင်ကာပူနိုင်ငံက ၄၂ ဒသမ ၉ ရရှိခဲ့သည်။ အဆိုပါ စစ်တမ်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်၌ ၂၀၁၈ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလဆက်တိုက်ရောက်ရှိခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ အဆင့် ၃ နေရာ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အဆင့် ၁ နေ ရာသို့ မြင့်တက်ခဲ့ခြင်းဖြစ်ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်တွင်လည်း ယင်းနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ 
၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေး အရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့် ၄၊ ဇွန်တွင် အဆင့် ၆၊ ဇူလိုင်လမှစတင်ကာ စက်တင်ဘာလအထိ အဆင့် ၇၊ အောက်တိုဘာတွင် အဆင့် ၆၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် အဆင့် ၃ နေရာသို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီမှ စတင်ကာ ဇွန်လအထိ အဆင့် ၁ နေရာသို့ ပြန်ရောက်လာခြင်းဖြစ်သည်။ 
ဇွန်လစစ်တမ်းဒေတာက မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း၏ အခြေအနေများ အခိုင်အမာတိုးတက်လာခြင်းကို အချက်ပြနေပြီး ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ တစ်ဟုန်ထိုး တိုးလာမှုက တိုးတက်မှုတစ်ရပ်လုံးကို မောင်းနှင်ပေးခဲ့သည်။ ထို့ကြောင့် လုပ်ငန်းဆိုင်ရာယုံကြည်မှုမှာ အားကောင်းလာခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းမှစ၍ အမြင့်ဆုံးဖြစ်လာသည်။ လုပ်ငန်းများတိုးရလာခြင်းကြောင့် အလုပ်နေရာများကို ဆက်ပြီး တိုးခန့်နိုင်ခဲ့သည်။ 
ကုန်စည်ထုတ်လုပ်သူတို့သည် လာမည့်တစ်နှစ်တာအတွက် ထုတ်လုပ်ရေးမျှော်မှန်းချက်များ ပိုမိုအားကောင်းလာမည်ဟု မှတ်တမ်းတင်ခဲ့ကြပြီး လုပ်ငန်းဆိုင်ရာယုံကြည်မှု မြင့်မားလာခြင်းကြောင့် ထုတ်ကုန်သစ်များ နှင့် နည်းပညာသစ်များတွင် ရင်းနှီးမြှုပ်နှံရန် စီမံလာကြသည်။ 
အခြားတစ်ဖက်တွင်လည်း ဈေးနှုန်းများကိုကြည့်လျှင် ပေးသွင်းသည့်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်နေပြီး ကုန်ပစ္စည်းများ ရှားပါးမှုက စရိတ်စကများ၏ဝန်ထုပ်ကို မြှင့်တင်ပေးလိုက်၍ ထည့်သွင်းကုန်စရိတ်ဖောင်းပွမှုမှာ ဇွန်လတွင် မြင့်မားနေသည်။ ယခင်လထက် ဈေးမြင့်တက်မှုနှုန်း လျော့ကျလာသော်လည်း သုံးစွဲသူများ၏ဝယ်လိုအား တက်လာသောကြောင့် ထည့်သွင်းကုန်စရိတ် မြင့်တက်လာမှုတစ်စိတ်တစ်ပိုင်းကို ဈေးဝယ်သူများထံ လွှဲပြောင်းဖို့ချခဲ့ကြသည်။ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုအရှိန်မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးဖြစ်ခဲ့သည်။ 
ထုတ်လုပ်မှုစွမ်းပကားအပေါ် ဖိအားပေးမှုမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် ပိုမိုဆိုးဝါးလာခဲ့ပြီး သုံးနှစ်အတွင်း လက်ကျန်အလုပ်များ၏ ကျဆင်းမှုနှုန်းကို အနှေးဆုံးဖြစ်လာစေခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်ပိုများလာခြင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ဆက်စပ်နေခဲ့ပြီး လုပ်ငန်းပြီးမြောက်ရန် ကြာမြင့်ချိန်များမှာ လွန်ခဲ့သောနိုဝင်ဘာမှစပြီး မြင့်တက်လာခဲ့ကြောင်း သိရသည်။          

Eleven Media Group

0 comments:

Post a Comment