နေပြည်တော်တွင် သုံးနှစ်နီးပါးအရွယ် မိန်းကလေး လိင်အကြမ်းဖက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် တည်ထောင်ခွင့်ပြုမိန့် မရှိဘဲ ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်း အပါအဝင် မူကြိုကျောင်း ၁၀ ကျောင်းကို ပိတ်သိမ်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော် သပြေကုန်း၌ ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်းတွင် သုံးနှစ်နီးပါးအရွယ် မိန်းကလေး လိင်အကြမ်းဖက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဇူလိုင် ၁ ရက်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တည်ထောင်ခွင့်ပြုမိန့် မရှိဘဲ ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက မူကြိုကျောင်း ၁၀ ကျောင်းကို ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် မရမချင်း မဖွင့်လှစ်ရန် ထုတ်ပြန်ထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောကြားသည်။
“နေပြည်တော်ကောင်စီထဲမှာ မနေ့က စပြီး ၁၀ ကျောင်းကို မဖွင့်ရဘူး။ နှစ်ပတ်တော့ မဟုတ်ဘူး။ တည်ထောင်ခွင့်ပြုမိန့် မရမချင်း မဖွင့်ရဘူး။ ဥပဒေအရဆိုရင် အချက်အလက်တွေပြည့်စုံရင် တည်ထောင်ခွင့်ပြုမိန့်ရမယ်။ နောက် ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာတော့ အကုန်ပါတယ်။ ကလေးအပေါ်မှာ အကြမ်းဖက်မှုက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိလာတယ်ဆိုရင် အရေးယူနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အခု Wisdom Hill ဖြစ်ပျက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း တည်ဆဲဥပဒေပေါ့။ သက်ငယ်မုဒိမ်း ဆိုရင်လည်း သက်ငယ်မုဒိမ်း။ ရာဇသတ်ကြီးအရ ဆောင်ရွက်ရမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောကြားသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ယခင်က တည်ထောင်ခွင့်ပြုမိန့် ရရှိသည့် ပုဂ္ဂလိက မူကြိုကျောင်း ၁၇ ကျောင်းရှိပြီး ဇူလိုင် ၁ ရက်က ရှစ်ကျောင်း ခွင့်ပြုခဲ့သည့်အတွက် လက်ရှိတွင် ၂၅ ကျောင်းခွင့်ပြုထားကာ အချက်အလက် မပြည့်စုံဘဲ ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်း အပါအဝင် ၁၀ ကျောင်းကို မဖွင့်လှစ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အရေးယူရန် မရှိဘူးလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက “လျှောက်ထားဆဲကတော့ အချက်အလက် ပြည့်စုံရင်တော့ ကျွန်မတို့က ခွင့်ပြုရမယ်။ ဒါပေမဲ့ ဒီလိုမျိုး အမှုအခင်းတွေ ဖြစ်တယ်ဆိုရင်တော့ ကလေးသူငယ်ရဲ့ အခွင့်အရေးကိုတော့ ကျွန်မတို့က ဦးတည်ရတယ်။ ကျွန်မတို့ရဲ့ ဝန်ကြီးဌာနမှာကို လက်မှတ်ထိုးထားတာ။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ရယ်၊ မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာပေါ့။ ဒီစာချုပ်ကြီးသုံးခုကို လက်မှတ်ထိုး ထားတဲ့အတွက် ကျွန်မတို့ကတော့ ကလေးသူငယ် အခွင့်အရေးပိုင်းဆိုင်ရာကို ပြည့်ဝစေဖို့ကို အဓိက ဦးစားပေးထားတယ်။ ဒါကြောင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကိုလည်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်တာပါ” ဟု ပြန်လည် ဖြေကြားသည်။
သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ် အခွင့်အရေးနှင့် ကလေးသူငယ် အကောင်းဆုံး အကျိုးစီးပွားအတွက် ဖော်ဆောင်နေကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ဆိုသည်။
Wisdom Hill မူကြိုကျောင်း အပိတ်ခံရခြင်းသည် လက်ရှိဖြစ်ပွားနေသည့် အမှုကိစ္စကြောင့် ပိတ်လိုက်ရခြင်း မဟုတ်ဘဲ ခွင့်ပြုမိန့်မရသေးမီ ခေတ္တယာယီ ပိတ်ထားရမည် ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်ကြောင်း Wisdom Hill မူကြိုမှ တာဝန်ရှိသူက ဆိုသည်။
“လူမှုဝန်ထမ်း ဦးစီးဌာနကနေပြီးတော့မှ ခွင့်ပြုမိန့်မရသေးတဲ့ ကျောင်းပေါင်း ၂၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အကုန်လုံးကို ပိတ်ခိုင်းတာ။ ကျွန်မတို့ တစ်ကျောင်းတည်းကို မဟုတ်ဘူး။ အဲဒီပုံစံအတိုင်း ပိတ်ရတာပါ။ ကျွန်မတို့က အမှုကိစ္စကြောင့် ပိတ်ရတာ မဟုတ်ဘူး။ ခွင့်ပြုမိန့်က ဒီခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီးတော့မှ ခွင့်ပြုမိန့် မရသေးခင်ကြားမှာ ခေတ္တခဏယာယီ ပိတ်ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ကျွန်မတို့က ခေတ္တပိတ်ထားတာ။ ကျွန်မတို့ ခွင့်ပြုမိန့်ပြန်ကျလာတဲ့ အချိန်မှာ ပြန်ဖွင့်သွားမယ်။ ခွင့်ပြုမိန့်တော့ တင်ထားပြီးသားပါ” ဟု Wisdom Hill မူကြိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Wisdom Hill မူကြိုကျောင်း ပိတ်လိုက်ရသည့်အတွက် ဇူလိုင်လအတွက် ပေးသွင်းထားသည့် ပေးသွင်းငွေများကို ကျောင်းသားမိဘများထံ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“မနေ့ည (ဇူလိုင် ၁ ရက်) က အကြောင်း ကြားလာတယ်။ လူကယ်ပြန် ဝန်ကြီးဌာန ညွှန်ကြားချက်အရ ကျောင်းကို နှစ်ပတ်လောက် ပိတ်ထားမယ်။ ဒီကြားထဲမှာ ကျောင်းကို တိကျတဲ့ အဖြေကို ပြန်အကြောင်းကြားမယ်။ ဇူလိုင်လအတွက် ပေးထားတဲ့ လစာကိုလည်း ပြန်လာထုတ်ပါလို့ ပြောတယ်။ အခုကျောင်းကို ရုတ်တရက် ပိတ်လိုက်တော့ လက်ရှိမှာ အခြားကျောင်း တစ်ကျောင်း ရှာနေတယ်။ တစ်ဖက်က ပြန်စဉ်းစားတော့လည်း ကလေးအတွက်က အခြားကျောင်းဆိုရင် အသစ်ပြန်ဖြစ်မှာဆိုတော့ နှစ်ပတ်ပဲ စောင့်ရမလား၊ အခြားကျောင်း ထားရမလားဆိုတာ အခုအချိန်အထိ စဉ်းစားနေတုန်းပဲ” ဟု Wisdom Hill ကျောင်းတွင် မူကြိုကျောင်းထားသည့် ကလေး၏ မိဘတစ်ဦးက ပြောကြားသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဖြစ်ပေါ်လျက်ရှိသည့် ကလေးသူငယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ် အကြမ်းဖက်မှုဖြစ်စဉ် စတင်ဖြစ်ပေါ်သည့် နေ့မှစ၍ လက်ရှိအချိန်အထိ ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အထူးအလေးထား ပူးပေါင်းဆောင်ရွက် နေသည့်အပြင် ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်း တစ်ခုတွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများက ‘အမှုမပေါ်ပေါ်အောင် ဖော်ပါ’ ဟု ပြည်ထဲရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို နှုတ်ဖြင့်မှာကြားထားကြောင်း ပါရှိသည့်စာကို ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဇွန် ၃၀ ရက်က အသိပေး ရေးသားထားသည်။
လက်ရှိတွင် လူမှုကွန်ရက်များ၌ နေပြည်တော်၌ ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်းနှင့် Justice for Victoria၊ Promote Rule of Law in Myanmar Stop Child Sexual Abuse စသည့် စာသားများကို နိုင်ငံတော် သမ္မတရုံးနှင့် ဝန်ကြီးဌာနများ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဝင်ရောက်ရေးသားကြပြီး တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment