ဒလတံတား ရန်ကုန်မြို့ဘက်ခြမ်းကို လာမည့်သြဂုတ်လအတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်သဖြင့် ပြည်လမ်းမှ ဘုန်းကြီးလမ်းအထိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းကြောင်းများ ပြောင်းလဲပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဇူလိုင် ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုပ်လုပ်သည့် သတင်းရှင်းလင်းပွဲတွင် ဒလတံတားတည်ဆောက်ရေးနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဒလတံတားနဲ့ ပတ်သက်တဲ့အခြေအနေဟာ ဒလတံတားကို ၂၀၂၁ အကုန်လောက်မှာ ပြီးစီးဖို့အတွက် မျှော်မှန်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ၂၀၂၂ ခုနှစ် ဆန်းပိုင်းမှာ အားလုံးသွားလာနိုင်မယ့်အခြေအနေပေါ့။ ရန်ကုန်ဘက်ပိုင်းမှာ လာမယ့်သြဂုတ်လထဲမှာ စတင်ပြီးတော့ပိုင်ရိုက်တာတို့၊ တည်ဆောက်ရေးလုပ်ငန်းတို့ ချဉ်းကပ်တံတားကို စပြီးတည်ဆောက်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပစ္စည်းတွေလည်း ရောက်နေပြီဖြစ်ပါတယ်။ ဒီသြဂုတ်လထဲမှာ ရန်ကုန်ဘက်ခြမ်းမှာ စဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျွန်တော့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်ရှင်းလင်းပြတာ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်သိရသလောက်တော့ သြဂုတ်လမှာ ရန်ကုန်ဘက်ခြမ်းကို စတင်နိုင်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကို လာမည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အလုံးစုံအသုံးပြုသွားနိုင်မည် ဖြစ်သည်။ ယင်းကဲ့သို့ အလုံးစုံပြီးစီးနိုင်ရေးအတွက် ဒလတံတားတည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရန်ကုန်ဘက်ခြမ်း၌ ပိုင်ရိုက်ခြင်းလုပ်ငန်း၊ ချဉ်းကပ်တံတားများ တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်သြဂုတ်လအတွင်း လုပ်ငန်း စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်ကာလအတွင်း ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ပြည်လမ်းမှ ဘုန်းကြီးလမ်းအထိ ပြေးဆွနေသော YBS ယာဉ်လိုင်းများအားလမ်းကြောင်း ပြောင်းလဲကာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီ စတင်မယ့် အခြေအနေမှာ လမ်းတွေက ဘုန်းကြီးလမ်း ပြည်လမ်းအတိုင်း ဆင်းသွားရင် အဲဒီနေရာတွေကိုဘတ်စ်ကားတွေကို နည်းနည်းရွှေ့နိုင်ဖို့ပေါ့နော်။ တံတားတည်ဆောက်ရေးနဲ့ ဘတ်စ်ကားလမ်းကြောင်း ဒီဥစ္စာက ရွေးချယ်စရာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပြည်လမ်းအတိုင်းဆင်းလာတဲ့ ကားတွေ ဘတ်စ်ကားတွေပေါ့။ ရိုးရိုးမိသား စုသုံးစွဲနေတဲ့ အိမ်ကားတွေကတော့ သွားလို့ရပါတယ်။ ဘတ်စ်ကားတွေ ကိုယ်ပိုင်ကားတွေက ပြည်လမ်းအတိုင်းဆို ယာဉ်ကြော ပိတ်မှုပိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ညာဘက်ကိုချိုးပြီးတော့ သွားမလား၊ ဘယ်ဘက်ကို ချိုးပြီးသွားမလား။ ဘယ်ဘက်ကို ချိုးပြီးသွားမယ်ဆိုရင် ဒီနေရာမှာ နှစ်လမ်းမောင်းဖြစ်သွားမှာပေါ့။ ပြည်လမ်းထိပ်က ဒီဘက်နောက်တစ်လမ်းကနေဖောက်ပြီး ပြန်ဆင်းဖို့ဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းကို ယူသွားမယ်ဆိုရင် အမျိုးသားကဇာတ်ရုံက ဆင်းလာတဲ့လမ်းအတိုင်း ဖောက်ထွက်သွားဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီနေရာကို YBS ယာဉ်လိုင်းတချို့ ခရီးစဉ်လမ်းကြောင်း နည်းနည်းပြောင်းဆွဲရမှာ ဖြစ်ပါတယ်။ ဒီဘက်ကတော့ ကျွန်တော် သိရသလောက်တော့ ၀ါးတန်းလမ်းဖြစ်မယ်ထင်ပါတယ်။ ဒီဘက်ကတော့ မြို့မကျောင်းလမ်း ဖြစ်ပါမယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားသည် ဆူးလေဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင် လမ်းတို့နှင့် ဆက်သွယ်မည်ဖြစ်ဖြစ်ကြောင်း၊ သင်္ဘောကြီးများသွားလာနိုင်ရန် မြစ်ကူးတံတားအား ရေလမ်းကင်းလွတ် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၂၃ ပေ တည်ဆောက်သွားမည်ဖြစ်ပြီး တံတားအရှည် ၂ ဒသမ ၉ ကီလိုမီတာရှိကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment