Tuesday, August 6, 2019

မြ၀တီမြို့တွင် သောင်းရင်းမြစ်ရေ နာရီဝက်လျှင် ၂ စင်တီမီတာနှုန်းမြင့်တက်နေ အနိမ့်ပိုင်းရပ်ကွက်များမှ ရေဘေးဒုက္ခသည်များကို ကယ်ထုတ်နေရ

Image may contain: tree, outdoor and water
ထိုင်း- မြန်မာနယ်စပ် မြ၀တီမြို့ရှိ သောင်းရင်းမြစ်ရေသည် ယနေ့ (သြဂုတ်လ ၆ ရက်) နံနက်ပိုင်းမှစတင်၍ နာရီဝက်လျှင် ၂ စင်တီမိတာနှုန်းဖြင့် မြင့်တက်လာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ကယ်ထုတ်နေရကြောင်း မြစ်ရေအခြေအနေကို စောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

သြဂုတ်လ ၆ ရက်နေ့ ညပိုင်းက သောင်းရင်းမြစ်ရေသည် တစ်နာရီလျှင် ၁၇ စင်တီမီတာနှုန်းဖြင့် တဖြည်းဖြည်းမြင့်တက်လာကာ ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းတာချက်များအရ မြ၀တီမြို့ မိုးကုတ်ဆိပ်ရှိ သောင်းရင်းမြစ်ရေသည် ၅၈၀ စင်တီမီတာအထိ ရောက်ရှိနေကြောင်း သိရသည်။
“မြစ်ရေကတော့ ဆက်တက်နေတုန်းပဲ၊ လက်ရှိရေ၀င်တဲ့အိမ်တွေက အိမ်ထောင်စုတွေကို ကယ်ထုတ်နေတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကျောက်ဖြာ၊ သဲပုံနဲ့ ကျောက်တန်းဂိတ်က အိမ်ထောင်စုတွေကို ရေလွတ်ရာပြောင်းပေးနေတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြ၀တီမြို့ခံ ဒေါက်တာကိုကိုအောင်က ပြောသည်။
လက်ရှိအချိန်တွင် မြ၀တီမြို့ရှိ သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၄၆၃ စင်တီမီတာကို ကျော်လွန်၍ ၅၈၀ စင်တီမီတာအထိ ရောက်ရှိလာသဖြင့် မြစ်ရေဆက်တိုးနေပါက မြ၀တီမြို့အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေဘေးအန္တရာယ်စိုးရိမ်နေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြ၀တီမြို့  အမှတ် (၂) နှင့် အမှတ် (၅) ရပ်ကွက်များမှ အိမ်ထောင်စု (၈၈) စု လူဦးရေ (၃၉၀) သည် ကျောက်လုံးကြီးစခန်းတွင်ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီခုံလှုံနေရကြောင်း သိရသည်။
ယခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီးအများစုတွင် ရေကြီး၊ ရေလျှံသည့် အခြေအနေများ ကြုံတွေ့နေရပြီး မဒေါက်၊ ရွှေကျင်၊ ဘားအံနှင့် သာပေါင်းမြို့များတွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ ရေကြီး၊ ရေလျှံသည့် အန္တရာယ်များ ရင်ဆိုင်နေရသည်။
Image may contain: tree and outdoor
သတင်း - ကိုကို
ဓာတ်ပုံ - မန်းမျိုးမြင့်

0 comments:

Post a Comment