Monday, August 5, 2019

အစိုးရဝန်ထမ်းများ အဂတိကင်းရှင်းရန်လိုအပ်ဟု အကြံပြု


အစိုးရ ယန္တရားတွင် ပါဝင်သည့် ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ အဂတိကင်းရှင်းရန် လိုအပ်ကြောင်း ပန်း တောင်း မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်နှင်းသစ်က အကြံပြုပြော ကြားခဲ့သည်။

ဩဂုတ် ၅ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေး အဋ္ဌမနေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတကာ အဂတိလိုက် စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (International
Anti-Corruption Academy- IACA)ကို နိုင်ငံတကာ အဖွဲ့အစည်း
ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာ တွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

'ပြည်သူနဲ့ ထိတွေ့နေတဲ့ အစိုးရ ယန္တရားမှာ ပါဝင်ကြတဲ့ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများမှာ အဂတိကင်းရှင်းဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာဖြစ်ပြီး အစိုးရအနေနဲ့ ပြည်သူ့ယုံကြည်မှု ရရှိမှသာ နိုင်ငံရဲ့လိုရာပန်းတိုင် ရောက်ရှိမှာဖြစ်ပါတယ်'ဟု ဒေါ်ခင်နှင်းသစ်က ပြောဆိုသည်။
လက်ရှိအချိန်တွင်လည်း ဆင်ခြင်တုံတရားရှိသည့် ပြည်သူ တိုင်းက အဂတိလိုက်စားမှုများကို တိုက်ဖျက်လိုကြပြီး အဂတိ ကင်းသည့် အစိုးရမျိုးကိုလည်း လိုချင်နေကြကာ အဂတိကင်းသည့် လူ့အသိုင်းအဝိုင်းကြီးကို ဖော်ဆောင်လိုကြကြောင်း ၎င်းကပြော ဆို သည်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြစားခြင်းနှင့် လာဘ်ပေးလာဘ်ယူလုပ်နေခဲ့သည်မှာ ၁၀ စုနှစ်များစွာ ကြာခဲ့ ပြီဖြစ်သောကြောင့် အစိုးရယန္တရားအတွင်း အဆန်းမဟုတ်တော့ သကဲ့သို့ အပြစ်တစ်ခုအဖြစ်မမြင်ဘဲ ဓလေ့စရိုက်သဖွယ်၊ ယဉ် ကျေးမှုသဖွယ် ဖြစ်နေကြကြောင်း ဒေါ်ခင်နှင်းသစ်က ပြောဆို သည်။
'အဂတိပြုခြင်းကြောင့် လာဘ် ရသူ အဂတိပြုကျင့်နိုင်သူ လူတစ်စုကတော့ကောင်းစားပြီး နိုင်ငံနဲ့လူထုအတွက်ကတော့ ဆင်းရဲမွဲတေခဲ့တဲ့ အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။ အဂတိတွေ ကြောင့်ပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အားလျော့စေခြင်း၊ အား ပျော့စေခြင်း၊ တုံ့နှေးစေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဖြစ် လည်း ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က အဂတိတိုက်ဖျက် ရေးအဆိုကို အတည်ပြုနိုင်ခဲ့ပြီး လက်ရှိအစိုးရက အဂတိတိုက် ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ၂၃ ရက်တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကော်မရှင် ပေါ်ပေါက်လာပြီး ၂၀၁၉ ခုနှစ် ဇွန်လကုန်ပိုင်းအထိ တိုင်စာပေါင်း ၁၅၀၀၀ ကျော်ရှိ ကြောင်း သိရသည့်အတွက် ပြည်သူများအနေဖြင့် ကော်မရှင်အပေါ် များစွာမျှော်လင့်နေသည်မှာ ပေါ်လွင်သော်လည်း တရားစွဲနိုင် သည့်အမှု ၃၇ မှုသာရှိပြီး ၁၀၆ဦးကိုသာ တရားစွဲဆိုနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင်၏ နှစ် ပတ်လည် အစီရင်ခံစာတင်သွင်းစဉ်က အဂတိလိုက်စားမှုက သိသိသာသာ ကျဆင်းမှုမရှိဘူးဟုလည်းကောင်း၊ ဇွန် ၃ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုလူငယ် စခန်း ၂၀၁၉ ခုနှစ် ဖွင့်ပွဲ၏ အမှာစကားတွင် အဂတိလိုက်စားမှု အောင်မြင်ရန် အဝေးကြီးလိုသေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ၏ ထည့်သွင်းပြောကြားချက်များကို သုံးသပ်ပါက အဂတိတိုက်ဖျက် နိုင်ရန် ဆောင်ရွက်နေကြသူများ၏ ခံယူချက်ပိုင်း မြင့်မြင့်မားမား ရှိနိုင်ရန် စွမ်းရည်ပိုင်းတွင် လိုအပ်သည်များကို ကူညီပေးရန်လိုအပ် နေသည်ကို တွေ့ရှိရကြောင်း ဒေါ်ခင်နှင်းသစ်က ပြောဆိုသည်။
'ဒါကြောင့် နည်းပညာပိုင်းဆိုင်ရာနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံပိုင်းဆိုင်ရာတို့ကို ဖြည့်ဆည်း ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ စွမ်းအင်မြင့်မားတဲ့ အဖွဲ့အစည်းက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ထုထည်ကြီးမားတဲ့ အဂတိတရားတွေကို အချိန်နဲ့တစ်ပြေးညီ တိုက်ဖျက်နိုင်မှာ ဖြစ် ပါတယ်။ ယခုအချိန်မှာ တိုင်းပြည်ကို စနစ်သစ်နဲ့ ပြန်လည် ထူထောင်နေချိန်ဖြစ်လို့ အပြောင်းအလဲတိုင်းဟာ ရှေ့ကို သွားနေ ဖို့လိုအပ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ယခုအခါ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ ( IACA )တွင် နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့် အဖွဲ့အစည်း ပေါင်း လေးခု စုစုပေါင်း ၇၈ ခုမှ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ် ကြောင်း သိရသည်။
'IACA ကို ဝင်ရောက်ခြင်းဟာ ပြည်သူ့ဆန္ဒနဲ့ အစိုးရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်တယ်လို့ ဆိုနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဂတိတိုက်ဖျက်ရေးက စတင် ဆောင်ရွက်နေပြီဆိုသော်လည်း အရှိန်ရလာဖို့နဲ့ အင်အားရှိဖို့ လိုအပ်သလို ရလဒ်ကောင်းတွေရဖို့ လိုအပ်နေသေးလို့ ဖြစ်ပါ တယ်'ဟု ဒေါ်ခင်နှင်းသစ်က ပြောဆိုသည်။
ထို့ပြင်အဂတိသည် ကြာလျှင်နိုင်ငံနှင့် နိုင်ငံသားတို့ အတွက် နာလေဖြစ်မှာကြောင့် IACA မှာ ပါဝင်ခြင်းဖြင့် အဂတိစွမ်းရည် နှင့် လိုအပ်သော အတွေ့အကြုံများဖြည့်ဆည်းပေးနိုင်မည်ဖြစ် သော မြန်မာနိုင်ငံအနေဖြင့် IACA တွင် ပါဝင်ရန် ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုသင့်ပါကြောင်း ၎င်းက ပြောဆို သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ပြန်လည်ရှင်းလင်းခဲ့ပြီး IACA ကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာသဘောတူ စာချုပ် တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြခဲ့သည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်မှုမရှိသောကြောင့် အတည်ပြုကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
သတင်း - မင်းမင်းထွန်း
ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

No comments:

Post a Comment