
သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်သွားလာခွင့် ပြုခဲ့သော ကွတ်ခိုင် လမ်းပိုင်းပေါ်တွင် အိမ်စီးကားနှင့် ကုန်တင်ကားများကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းကြောင့် လူတစ်ဦးဒဏ်ရာ ရရှိပြီး တိုးဂိတ်ကို ယာယီပိတ်ထားကြောင်း ဒေသခံများက The Ladies News သို့ပြောကြားသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် ကွတ်ခိုင်နှင့် မန်ဘန်ရွာ ကြားတွင် အိမ်စီးကား တစ်စီး အပစ်ခံရပြီး ကားပေါ်တွင် လိုက်ပါသူတစ်ဦး ဒဏ်ရာ ရရှိကြောင်း သိသည်။
ဒေသခံပရဟိတအဖွဲ့ဝင် တစ်ဦးက "မနက်က ၉ နာရီထိုးလောက်ကိအိမ်စီးကား တစ်စီး အပစ်ခံရတယ်။ ဘယ်က ပစ်လည်းတော့ ကျွန်တော် တို့လည်း မသိဘူး။ ကွတ်ခိုင်အထွက် ဟိုဘက်မှာ အပစ်ခံရတာ။ ဆေးရုံပို့ထားပေးပြီးပြီ။ ဆေးရုံကနေ အခုသက်သာလို့ ပြန်သွားပြီ။ နားရွက် ရှပ်မှန်သွားတာ။ ကားနောက်မှန် ကွဲသွားတယ်။ တော်တော် ကံကောင်တာ" ဟု ပြောကြားသည်။
ယနေ့ နေ့လယ်ပိုင်းတွင်လည်း ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် TNLA အဖွဲ့က အိမ်စီးကားများနှင့် ကုန်တင်ကားများကို ရပ်တန့်စေကာ စစ်ဆေးမှုများပြုလုပ်ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်စေရန် အအတွက် ကုန်တင်ကားဘီးများကို သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု ဒေသခံပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"ကားလေးက ကျွန်တော်ရှေ့မှာ နှစ်စီးပဲရှိတယ်။ သူတို့ရောက်လာတယ်။ ကားတံခါးတွေ ဖွင့်ခိုင်းတယ်။ ကျွန်တော်ပြတယ်။ ကယ်ဆယ်ရေး အတွက် ခေါက်ဆွဲခြောက်ပါတယ်။ ထမင်းဘူးရယ်။ ရေသန့်ဘူးရယ်။ သူတို့ကိုပြတယ်။ သူတို့ ကျွန်တော်ကိုပြောတယ်။ ဖုန်းသုံးရင် ပစ်မယ်လို့ ပြော တယ်။ ခဏနေတော့ ကားလေးတွေ များလာပါတယ်။ လူတွေလည်း များတဲ့အချိန်မှာ သူတို့က မင်းတို့ကားတွေအားလုံး တခါးတွေပိတ်ကြ။ လူတွေကတော့ ဟိုဘက် သွားနေကြ။ တပ်မတော် တော့ မသုံးပါဘူး။ စစ်ကြောင်း တက်လာတယ်လို့ ကြားတယ်" ဟု ဒေသတွင်း ပရဟိတ အဖွဲ့ တစ်ဦးဖြစ်သည့် ကိုညီညီက ၎င်း ၏ အတွေ့ကြုံခဲ့ရသည်ကို ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး ကိုညီညီက "ခင်ဗျားတို့ ဘေးကင်းရာမှာ ရှောင်နေကြ လို့ပြောပြီး ၅ မိနစ်လောက်အကြာမှာ သေနတ် အချက် ၂၀ လောက် ဆက်တိုက်ပစ်လိုက်ပါတယ်။ ကျွန်တော်တို့ မြောင်းထဲမှာ ဝင်ပုန်းပြီး လမ်းဘက်ကို လှမ်းကြည့်တော့။ ရှေ့ဆုံးက ကန့်လန့်ခံထားတဲ့ ကားကြီး တစ်စီးရယ်။ ဘေးမှာရှိတဲ့ ကားကြီးတစ်စီးကို သူတို့ တာယာကို ထပ်ပြီး ပစ်ပါတယ်။ ကာတွေသွားမရအောင် လမ်းထပ် ပိတ်လိုက်ပါတယ်" ဟု ပြောကြားသည်။
ကွတ်ခိုင်-မူဆယ် လမ်းပိုင်းသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး တွင် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု များလည်း ပြတ်တောက်လျက်ရှိသည်။

အောင်ရဲနောင်
Photo - Newnyi Newnyi FB
The Ladies News
No comments:
Post a Comment