အမေရိကန်အနေနှင့် ယူကေနှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရှိလိုပါက ယူကေကုမ္ပဏီများအပေါ် ကန့်သတ်ထားမှုများကို ရုပ်သိမ်းပေးဖို့လိုသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံ ဘီယာရစ်ဇ်တွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေသည့် ဘောရစ်ဂျွန်ဆင်က အမေရိကတွင် ယူကေကုမ္ပဏီများအတွက် အတားအဆီး အလွန်များကြောင်းနှင့် ထိုကိစ္စကို သမ္မတထရမ့်အား ပြောထားပြီးဖြစ်ကာ တနင်္ဂနွေနေ့နံနက်တွင် တွေ့ဆုံသည့်အခါ ထပ်ပြောမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်သည် အီးယူကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တပ်ခ်နှင့်လည်း ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်သည်။
“အမေရိကမှာ ယူကေကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒီအခွင့်အလမ်းတွေကို ယူဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အတားအဆီးတွေ များနေတယ်။ အမေရိကန်မိတ်ဆွေတွေဘက်က လျှော့ပေးဖို့လိုတယ်”ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။
“ဥပမာ - မယ်လ်တန်မော်ဘရေ ဝက်သားမုန့်ဆိုရင် အမေရိကန်ဈေးကွက်ကို ဝင်လို့မရဘူး။ ယူကေပန်းငရုတ်ပွဆိုရင်လည်း အမေရိကကို ပို့လို့မရဘူး။ ယူကေလုပ် ဝိုင်ဆိုရင်လည်း အမေရိကမှာ တိုက်ရိုက်ဖြန့်လို့မရဘူး”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သောလအတွင်း သမ္မတထရမ့်က အလွန်ကြီးမားသော ကုန်သွယ်ရေးစာချုပ်တစ်ခုကို ယူကေနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်းနှင့် လက်ရှိကုန်သွယ်မှု ပမာဏထက် သုံးလေးငါးဆ ပိုကြီးကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ပြောကြားခြင်း မပြုခဲ့ပေ။
သို့ရာတွင် အိုင်ယာလန်ငြိမ်းချမ်းရေးအတွက် ၁၉၉၈ တွင် အမေရိကန်က ကူညီညှိနှိုင်းပေးခဲ့သည့် Good Friday သဘောတူညီချက်ကို ဘရိတ်ဇစ်ဖြစ်စဉ်က ထိခိုက်လာမည်ဆိုလျှင် အမေရိကန် -ယူကေ ကုန်သွယ်ရေးစာချုပ်သစ်သည် အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ကျော်နိုင်မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ နန်ဆီပီလို့ဆီက သတိပေးထားသည်။
ဗြိတိန်ဝန်ကြီးချုပ်က အမေရိကန် အင်တာနက်ကုမ္ပဏီကြီးများကို ဒစ်ဂျစ်တယ်အခွန်ဆောင်ရန် အလားအလာရှိသည်ဟုလည်း ပြောကြားသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ယူကေမှာ ရောင်းအားကောင်းနေတဲ့ ဒီလုပ်ငန်းကြီးတွေကို အခွန်ကောက်ဖို့ လုပ်ရမှာပါ။ ဒီကိစ္စကို အမေရိကန်မိတ်ဆွေတွေနဲ့ ဆွေးနွေးချင်ပါတယ်။ သူတို့ဘက်က ညှိနှိုင်းလာမယ့်အစီအစဉ်တွေကို နားထောင်ချင်ပါတယ်”ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။
ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အီးယူကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ခ် တို့သည် တနင်္ဂနွေနေ့ ပထမဆုံးတွေ့ဆုံမှု မတိုင်ခင်အထိ စာချုပ်မပါပဲ နုတ်ထွက်မည့် no deal ဘရိတ်ဇစ်ဖြစ်စဉ်အတွက် မည်သူက တာဝန်ရှိသည်ဆိုသော အချက်နှင့်ပတ်သက်၍ အချေအတင် ပြောဆိုထားကြသည်ဟု သိရှိရသည်။
မစ္စတာ no deal ဟု နာမည်ပြောင်ထွက်ခဲ့သူ ဘောရစ်ဂျွန်ဆင်က ၎င်းသည် စာချုပ်မပါဘဲ နုတ်ထွက်ရခြင်းကို မလိုလားသောကြောင့် ထိုသို့ဖြစ်လာပါက တာဝန်ရှိသူ ဒေါ်နယ်တပ်ခ်ကသာလျှင် မစ္စတာ no deal ဖြစ်လိမ့်မည်ဟု ပြောဆိုထားသည်။
The Voice
No comments:
Post a Comment