Wednesday, August 28, 2019

SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေထုတ်ပေးရန် ရန်ကုန်ဝန်ကြီးချုပ် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ချေးငွေများထုတ်ချေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“SME တွေ ဖွံ့ဖြိုးတိုးတက်အောင် ရန်ကုန်တိုင်းအတွင်းမှာ အဓိက ဦးစားပေးကြိုးစားရမှာပါ။ SME တွေ တိုးတက်ရေးက အရေးကြီးပါတယ်။ ပထမအဆင့်အနေနဲ့ SME လုပ်ငန်း ၁၀၀ ကိုစုပြီး ဒီအထဲက ချေးငွေမရသေးတဲ့သူတွေကို ဝန်ကြီးကထောက်ခံပေးပြီး ချေးငွေရအောင် လုပ်ပေးပါတယ်။ နောက်ထပ် ၁၀၀ ကိုလည်း ချေးငွေထပ်ပေးနိုင်အောင် ပြင်ဆင်ပါမယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ဩဂုတ်လ ၂၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရအနေနှင့် ငွေစာရင်း သုံးစွဲသည့်စာရင်းပိုင်းကို စနစ်တကျဖြစ်စေရန်အတွက် အသိပညာပေးခြင်း၊ ချေးငွေထုတ်ပေးနိုင်ရန် စာရင်းကောက်ခံခြင်း၊ အကြံပေးအဖွဲ့များဖွဲ့စည်း၍ အကြံဉာဏ်များပေးခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။ 

ပထမအဆင့်အနေနှင့် ချေးငွေထုတ်ပေးနိုင်ရန်ရွေးချယ်ထားသည့် အလားအလာရှိသည့် SME လုပ်ငန်း ၁၀၀ ကျော်ထဲတွင် လုပ်ငန်း ၄၀ ခန့်က ချေးငွေရရှိပြီးဖြစ်သောကြောင့် ကျန်သည့်လုပ်ငန်း ၆၀ ကို ချေးငွေထုတ်ပေးနိုင်ရန် သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုသည်။

“ပထမအဆင့် ၁၀၀ ရွေးတဲ့အထဲမှာ ၆၀ လောက်ကို ချေးငွေစိစစ်ရေးကော်မတီက အတည်ပြုလိုက်ပါပြီ။ ဒုတိယအဆင့်အနေနဲ့ နောက်ထပ် ၁၀၀ ရွေးဖို့ အစည်းအဝေးခေါ်ဖို့လုပ်နေပါတယ်။ ဒုတိယ ၁၀၀ ကိုလည်း အမြန်ဆုံးထောက်ခံပေးဖို့ စီစဉ်နေပါတယ်။ အသေးစားလုပ်ငန်းတွေကို သူတို့ရဲ့လိုအပ်ချက်ကိုမူတည်ပြီး သက်ဆိုင်ရာဘဏ်တွေကို ထောက်ခံချက်ပေးပါတယ်”ဟု ၎င်းကပြောသည်။

ချေးငွေရယူရာတွင် အပေါင်ပစ္စည်းမပေးနိုင်ပါက လုပ်ငန်းအခြေအနေအပေါ် မူတည်၍ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀ အထိသာ ချေးငွေရရှိပြီး အပေါင်ပစ္စည်းပေးပါက အပေါင်ပစ္စည်းတန်ဖိုးအပေါ်မူတည်၍ ကျပ်သိန်း ၂၀၀၀ မှ ၃၀၀၀ ခန့်အထိ အများဆုံး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ခြောက်သောင်းသုံးရာကျော်ရှိပြီး စက်မှုလုပ်ငန်းပေါင်း လေးသောင်းခုနစ်ထောင်ကျော်ရှိကြောင်း ယင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားထားသည်။  

The Voice

No comments:

Post a Comment