Saturday, February 15, 2020

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ရင်ပြင်တော်၌ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများ စုပေါင်းအလှူရေစက်ချအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တက်ရောက်

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ရင်ပြင်တော်၌ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများ စုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တက်ရောက်
Saturday , February 15 , 2020

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာ ဘုရား နမ့်ဟူးနှစ်ထပ်ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များအား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ကပ်လှူပူဇော် ပြီး ရွှေသင်္ကန်းဆက်ကပ်ပူဇော်သည်။ ယင်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီးအား ကြည်ညို ကုသိုလ်ပွားများခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာ သနာတော်ကြီး တည်တံ့ခိုင်မြဲပြီး ထွန်းလင်းတောက်ပနေပါစေကြောင်းနှင့် မြန်မာနိုင်ငံတော်ကြီး အေးချမ်း သာယာဖွံ့ ဖြိုးတိုးတက်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ရေးသားပူဇော်ပြီးနောက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် အဖြစ် ဖောင်တော်ဦးစေတီ တော်ပုံစံငယ်အား ပြန်လည်ပေးအပ်သည်။

ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌ တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် နေပူခံ ကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားအား နမ့်ဟူးနှစ်ထပ်ကျောင်း ဆောင်ကြီး၌ ဆက်လက်ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအား နာယူကြ သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများအား ကာကွယ် စောင့်ရှောက်လျက်ရှိရာတွင် အမျိုး၊ ဘာသာ၊ သာသနာ ကိုလည်း တည်တံ့ခိုင်မြဲ ထွန်းကား ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များနှင့် အင်းလေးဒေသကိုလည်း အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းဘုရားဖူးများသာမက ကမ္ဘာလှည့် ခရီးသွားများပါ နေ့စဉ်အဆက်မပြတ်လာရောက်ဖူးမြော်လျက်ရှိသည့် ဘုရားကြီး ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ သွားလာမှု ပိုမိုအဆင်ပြေစေပြီး ဆွဲဆောင်မှု ပိုမိုရှိလာစေရန်အတွက် ဖောင်တော်ဦးဘုရားကြီးနှင့် ဘုရားပရိဝဏ် အတွင်း ရင်သပ်ရှု မောဖွယ်ဖြစ်စေရန်နှင့် ပိုမိုသပ္ပါယ်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များအား လုံခြုံမှု၊ သန့်ရှင်းမှုနှင့် ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေရန် ရည်ရွယ်၍ ဖန်အုပ်ဆောင်းတော်အား ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက်တွင်လှူဒါန်းခဲ့ပါကြောင်း၊ ယင်းလှူဒါန်းပွဲတွင် လှည့်လည်ကြည့်ရှုရာ၌ ရင်ပြင်တော်တွင် ခင်းကျင်းထားသည့် ကျောက်ပြားများသည် နေပူခံမဟုတ်သဖြင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူအများ သွားလာရာတွင် အဆင်မပြေနိုင်ကြောင်းတွေ့ရှိရသောကြောင့် အချိန်မရွေးအေးချမ်းစွာ သွားလာနိုင်ရေးအတွက် နေပူခံကျောက်ပြားများ ခင်းကျင်းလှူဒါန်းရန် စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှ စ၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ကျပ်သိန်း ၃၅၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ နေပူခံကျောက်ပြားအသစ် ခင်းကျင်းခြင်း ၈၁၂၆၀ စတုရန်း ပေ၊ ဆယ်တင်ပြုပြင်ပေးခြင်း ၄၇၇၈ စတုရန်းပေ၊ စုစုပေါင်း ၈၆၀၃၈ စတုရန်းပေအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ခင်းကျင်းပြီးစီးခဲ့ပြီး ဘုရားဖူးပြည်သူအပေါင်း စိတ်လက်ချမ်းသာစွာဖြင့် ဘုရားဖူးနိုင်ကြသည့်အတွက် များစွာ ကြည်နူးဝမ်းသာဖြစ်ရပါ ကြောင်းနှင့် ဘုရားပွဲမတိုင်မီပြီးစီးအောင် ခင်းကျင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ကျောက်ပြားများခင်းကျင်းလှူဒါန်းမှုအတွက် ယနေ့တွင် ရေစက်ချမင်္ဂလာ အခမ်းအနား ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

ရှေးနှစ်ပေါင်းများစွာကပင် ဗုဒ္ဓသာသနာတော် ထွန်းလင်းဝေစည်ခဲ့သည့် အင်းလေး ဒေသတွင် ဗုဒ္ဓသာ သနာတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒများကိုခံယူပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများလက်တွဲ၍ ထာဝစဉ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သော ကုသိုလ်စေတနာ တို့ကြောင့် အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်နှင့်တကွ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း၊ အနှောင့်အယှက်များ ကင်းဝေးပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ရေရှည်သန့်ရှင်းတည်တံ့နိုင်ရေး အတွက်လည်း အားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ဆရာတော်ကြီးများ သက်ရှည်ကျန်းမာစွာဖြင့် သာသနာတော် အကျိုး သယ်ပိုးထမ်းဆောင်နိုင်တော်မူပါစေ ကြောင်းနှင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ အဓွန့် ရှည်တည်တံ့ ဝေစည် ပြန့်ပွားထွန်းလင်းပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း လျှောက်ထား တင်ပြသည်။
သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ကြီးက သြဝါဒစကား မြွက်ကြားရာတွင် ရင်ပြင်တော်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ စုပေါင်းလှူဒါန်းသည့် နေပူခံကျောက်ပြားများ လှူဒါန်းပူဇော်ခြင်းသည် ဘုရားဖူးပြည်သူ များအတွက် လမ်းလှူခြင်းဖြစ်ပြီး နေ့စဉ် ဘုရားဖူးလာသူများ အသုံးပြုလျက်ရှိသဖြင့် အမြဲကုသိုလ်ရ သည့်အလှူဖြစ် ကြောင်းနှင့်တပ်မတော်သားအားလုံးအေးချမ်းပါစေ ကြောင်း၊ အမြဲထာဝရကုသိုလ်ရ ပါစေကြောင်းဖြင့် မေတ္တာပို့သဆုတောင်းမြွက်ကြား သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များနှင့် အခမ်းအနား တက်ရောက်လာကြသူများက သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအားလှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် အင်းလေးဒေသ အင်းလျားကျောင်းဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဓမ္မဝရ ဆရာတော်က သြဝါဒစကားမြွက်ကြားရာတွင် တပ်မတော်အစိုးရလက်ထက်တွင် အင်းလေးဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ရာမှ စတင်တိုးတက်လာခဲ့ပြီး ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးခဲ့သဖြင့် ဝမ်း မြောက်ပါကြောင်း၊ “ကမ္ဘာကျော်၊ ရောင်တော်မြူးသည့်၊ ဖောင်တော်ဦးစေတီတော်”၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက ၂၀၁၉ ခုနှစ် ဧပြီလတွင် အင်းလေးဖောင် တော်ဦးစေတီတော် လုံခြုံရေး၊ ရေရှည်တည်တံ့ရေးတို့အတွက် ဖန်အုပ်ဆောင်းလှူဒါန်းခဲ့ကြောင်း၊ ယခုအခါ ဘုရားဖူးပရိသတ်များ အပူငြိမ်းအေးစွာ ဘုရား ဖူးနိုင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် (ကြည်း၊ ရေ၊ လေ) မိသားစုများက နေပူခံကျောက်ပြားများ လှူဒါန်းခဲ့သဖြင့် တပ်မတော်သားများနှင့် မိသားစုအားလုံး အပူခပ်သိမ်း ကင်းငြိမ်း အေးချမ်းပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပြီး အနုမောဒနာတရားပေးဝေရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနား အောင်မြင်ခြင်းအထိန်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဒေသရှိ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံခဲ့ရာ ဒေသခံ ရပ်မိရပ်ဖများက အင်းလေးဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး တို့အတွက် ဒေသတွင်း လိုအပ်ချက်များအား တင်ပြကြသည်။
အင်းလေးကန်ရေရှည်တည်တံ့ပြီးစိမ်းလန်းစိုပြေရေးအတွက် တိုးပွားလာသည့် လူဦးရေကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ရေရှည်စီမံချက်များဖြင့် မြို့ပြစီမံကိန်း များကိုလည်း ရေးဆွဲထားရှိရမည်ဖြစ်ကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ကန်ပတ်လမ်းနှင့် ကန်ကိုတာပတ်နိုင်လျှင် အကျိုးရှိမည်ဖြစ်ကြောင်း၊ ကန်အတွင်း မှ ဆယ်ယူရရှိသည့် နုန်းများကို ကန်ပတ်လမ်း၏အပြင်ဘက် အနာဂတ်တွင် နေထိုင်မည့် မြို့ပြစီမံကိန်းနေရာများတွင် ပုံ၍မြေပြုပြင်ခြင်းဖြင့် အနာဂတ်အတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်း ပလပ်စတစ်များနှင့် အမှိုက်များကင်းစင်ရေးသည် ဒေသအတွက် အလွန်အရေးကြီးသဖြင့် ပလပ်စတစ်ကို မဖြစ်မနေသုံးစွဲပါကလည်း စနစ်တကျဖြင့် စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ပလပ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာဝသယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက် ရှိသဖြင့် ဒေသခံများ၊ အုပ်ချုပ်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းနှင့် ယခုဒေသခံများ၏တင်ပြချက်များအပေါ် တပ်မတော်မှ တတ်နိုင်သရွေ့ကူညီညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အင်းသား ရိုးရာလှေလှော် အဖွဲ့သားများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း ထားသည့် အမျိုးသား ၄၆ တက် အင်းသားရိုးရာပြိုင်လှေ ၄ စီးဖြစ်သည့် ဘုရင့်နောင်လှေ၊ အင်းသားဂုဏ်ရည်လှေ၊ အင်းတော်ဝင်လှေနှင့် အင်းလေးရတနာ တို့ဖြင့် သရုပ်ပြ လှော်ခတ်ပြသကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ပရိသတ် များက အားပေးကြည့်ရှုကြသည်။ ထို့နောက် လှေလှော်အဖွဲ့သားများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေး ဒေသသုံးအမြန်ရေယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ဒေသခံပြည်သူများ၊ လှေလှော် အသင်းသားများက အင်းလေးရိုးရာ အိုးစည်ဝိုင်းဖြင့် လှိုက်လှိုက်လှဲလှဲ လက်များဝှေ့ယမ်း ၍ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

0 comments:

Post a Comment