
စင်ကာပူနိုင်ငံမှာ အဆင့်မြင့်ပညာ တက္ကသိုလ် ( IHL ) များ အပါအဝင် စာသင်ကျောင်းတွေကို လာမယ့် မေ လ ၁၉ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး စာသင်သားတွေဟာ မဖြစ်မနေ ကျောင်းတက်ရမယ် ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။
ပညာရေး ဝန်ကြီး Ong Ye Kung က ကျောင်းတွေမှာ ဘွဲ့ယူဖို့ ကျန်ရှိနေတဲ့ ကျောင်းသားတွေကို ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးညှိနိူင်းဖို့အတွက် ဖိတ်ကြားသွားမယ်လို့ တနင်္ဂနွေနေ့ ( မေလ ၃ ရက်) မှာ ဖေ့ဘွတ်စ်ကတစ် ဆင့် ပြောကြားခဲ့ပါတယ်။ ဒီဖိတ်ကြားချက်ဟာ နှစ်စဉ် နှစ်လယ်ပိုင်း အားလပ်ရက်ကာလမှာ စာသင်ကျောင်းတွေက ဘွဲ့ရကျောင်းသားတွေကို ပေးအပ်လေ့ရှိတဲ့ အထောက်အပံ့တွေပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေအရ ကျောင်းသားအများစုဟာ နှစ်ကုန်စာမေးပွဲအတွက် စိုးရိမ်နေကြပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက် သူတို့ရဲ့ ဆရာတွေနဲ့ တွေ့ချင်နေကြကြောင်း၊ ဘာသာရပ်နဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေအတွက် စာသင်ကျောင်းက ပစ္စည်းကိရိယာတွေ အသုံးပြုဖို့လိုအပ်တဲ့ ကျောင်းသားတွေအတွက် ကျောင်းတွေပြန်ဖွင့်ပေးထားတာဖြစ်ကြောင်း Mr Ong က ပြောကြားခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ သင်ခန်းစာအသစ်တွေ သင်ကြားပို့ချသွားမှာ မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန ( MOE ) က ဝက်ဘ်ဆိုက်မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေ ပြန်လာတဲ့အခါ လုံခြုံစိတ်ချရတဲ့ အကွာအဝေးကို ကျင့်သုံးသွားမှာဖြစ်ပြီး အဖွဲ့အလိုက် ရက်ခြား၊ သီတင်းပတ်ခြားကာ ကျောင်းတက်စေမှာဖြစ်ကြောင်း၊ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ရောနှောခြင်း မရှိစေဘဲ စာမေးပွဲပုံစံ အကွာအဝေးခြားထားတဲ့ ထိုင်ခုံတွေနဲ့ လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ ရှိစေမှာဖြစ်ကြောင်း၊ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ အားလုံးကို နှာခေါင်းစွပ်ဝတ်ဆင်စေခြင်းနဲ့ နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း စတဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း MOE က ပြောကြားခဲ့ပါတယ်။ စာမေးပွဲတွေကို ပယ်ဖျက်ဖို့အတွက် တောင်းဆိုမှုတွေကို ဖြေကြားရမှာ Mr Ong က စာမေးပွဲတွေဟာ “မရှိမဖြစ် လိုအပ်တဲ့ ပညာရေး လှုပ်ရှားမှုများ” ဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲအတွက် ပြင်ဆင်ခြင်းနဲ့ ဖြေဆိုခြင်းဟာ အနာဂတ် ပညာရေးကို အကျိုးသက်ရောက်စေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေအတွက် အလွန်အရေးကြီးတယ်လို့ မှတ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၈၂၀၅ ဦး၊ သေဆုံးသူ ၁၈ ဦး ရှိနေပြီး ၁၄၀၈ ဦး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

Ref ; Akon Thi
No comments:
Post a Comment