
Covid-19 လူနာများထားရှိ ကုသနေသည့် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတွင် မိမိသဘောဆန္ဒအလျောက် ဝင်ရောက် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် ၅ ဦးက သတ်မှတ်ကာလပြီးဆုံးသွားသော်လည်း ဆက်လက်တာဝန်ထမ်းဆောင်လိုသေးကြောင်း တင်ပြလာခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်းရေးရာဌာနမှ သိရသည်။
၎င်းတို့ ၅ ဦးမှာ ဆေးသုတေသနဦးစီးဌာနမှ ဒုညွှန် ဒေါက်တာခိုင််မာဇော်၊ မကွေးမြို့ ခုတင် ၂၀၀ သင်ကြားရေးဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်ဝင်းအောင်၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှလက် ထောက်ဆရာဝန် ဒေါက်တာရဲရင့်ချမ်းမြေ့၊ ဆေးသုတေသနဦးစီးဌာနမှ ဦီးစီးအရာရှိ ဒေါက်တာကျော်သူဟိန်း၊ ဆေးသုတေသနမှ သုတေသနအရာရှိ ဒေါက်တာသစ္စာထက်ထက်ထူး တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၅ ဦးသည် Covid-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်လိုကြောင်း လျှောက်ထားခဲ့သဖြင့် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံကြီးတွင် တွဲဖက်တာဝန်များ ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့အား တွဲဖက်တာဝန်ပေးသည့် သက်တမ်းကာလ ၂ကြိမ်တိုင်ကုန်ဆုံးခဲ့ပြီး ယခု တတိယအကြိမ်သက်တမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုကြောင်း ထပ်မံဆန္ဒပြုလျှောက်ထားသဖြင့် ဆက်လက်တာဝန်ပေးခြင်းဖြစ်ကြောင်း ဝန်ထမ်းရေးရာဌာနထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့ ၅ ဦးကို လာမည့် မေလ ၅ ရက်နေ့မှ စတင်၍ ၁ လတာ ထပ်မံ၍ တာဝန်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ဆရာဝန် ၅ ဦးနှင့်ပတ်သက်၍လည်း လေးစားဂုဏ်ယူစွာဖြင့် ထပ်မံမှတ်တမ်းတင်ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။လက်ရှိတွင် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံ၌ Covid-19 လူနာ ၅၃ ဦးရှိထားကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။


Source - News Ambassador






0 comments:
Post a Comment