
ဗြိတိန်နိုင်ငံရှိ အမျိုးသားကျန်းမာရေးဌာနတာဝန်ရှိသူများနှင့် အခြားကျန်းမာရေးလုပ်သားများဆီသို့ ဖြန့်ဖြူးရန် ရည်ရွယ်ထားသည့် နှာခေါင်းစည်း ၈၀၀၀၀ နှင့် PPE ဝတ်စုံများ အခိုးခံလိုက်ရကြောင်း မန်ချက်စတာ ရဲတပ်ဖွဲ့(Greater Manchester Police)ကပြောသည်။ ယင်းပစ္စည်းများအား ဂိုထောင်ထဲမှ အခိုးခံလိုက်ရခြင်းဖြစ်ပြီး၊ စုစုပေါင်း တန်ဖိုး စတာလင်ပေါင် ၁၆၆၀၀၀(မြန်မာငွေ သိန်း ၂၈၀၀ ကျော်ခန့်)တန်ဖိုးရှိကြောင်းသိရသည်။
ဝတ်စုံနက်များဝတ်ဆင်ထားကြသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ယင်းပစ္စည်းများထားသည့် နေရာကို ဖောက်ထွင်းဝင်ရောက်၍ ယမန်နေ့ည ၉ နာရီခွဲနှင့် ၁၁နာရီခွဲကြားအချိန်တွင် ခိုးယူသွားကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ သူခိုးများသည် Mercedes Sprinter ဗင်ကားတစ်စီး၊ မီးခိုးရောင် ဗော့စ်ဝက်ဂွန်ဗင် ကားတစ်စီးနှင့် အခြားငွေရောင်ကားတစ်စီးတို့ဖြင့် ယင်းပစ္စည်းများကို သယ်ဆောင်သွားကြခြင်းဖြစ်သည်ဆို၏။
CCTV မှတ်တမ်းများတွင် မြင်ရသော ရုပ်ပုံများမှာ ထင်ရှားပြတ်သားခြင်းမရှိသဖြင့် ယခု သူခိုးများသည် ဗြိတိန်နိုင်ငံ ဆဲလ်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုစခန်းမှ PPE များကို ခိုးယူခဲ့သူများနှင့် ဆက်စပ်မှု ရှိ/မရှိဆိုသည်ကို မသိရသေးကြောင်း တာဝန်ရှိသူတို့ကပြောသည်။
သူခိုးများအား စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။


Ref ; Popular
No comments:
Post a Comment