Friday, June 26, 2020

ရွေးကော်ဥက္ကဋ္ဌ ဦးလှသိန်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်၊ နိုင်ငံရေးပါတီအသီးသီးမှ (CoC)သဘောတူ လက်မှတ်ထိုး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဆွစ်ဇာလန်နိုင်ငံ သံရုံးတို့ ပူးပေါင်းကျင်းပသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။
လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၈၃) ပါတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ ရှိပြီးဖြစ်သော်လည်း နိုင်ငံရေးပါတီများအချင်းချင်း ထိန်းကျောင်းနိုင်ရန် ကျင့်ဝတ်များရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို ၂၀၁၅ ခုနှစ် ဇွန် (၂၆) ရက်တွင် နိုင်ငံရေး ပါတီ (၆၇) ပါတီက သဘောတူ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် Code of Conduct (CoC) နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက် ပဋိပက္ခများ၊ အငြင်းပွားမှုဖြစ်စဉ်များ လျော့နည်းခဲ့ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ အတွေ့အကြုံအရ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို ပိုမိုကောင်းမွန်စေရေး၊ မျှတမှုရှိစေရေးနှင့် အကျိုးအကြောင်း ဆီလျော်မှု ရှိစေရေး၊ အားလုံးလိုက်နာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ Code of Conduct (CoC) ပြင်ဆင်ရေးအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ညှိနှိုင်းအစည်းအဝေး (၇) ကြိမ် ကျင်းပခဲ့ပါကြောင်း။
နိုင်ငံရေးပါတီများက ညှိနှိုင်းသဘောတူ လက်ခံခဲ့သည့် Code of Conduct (CoC) မူကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေကြောင်းအရသာ စိစစ်သုံးသပ်ပေးခဲ့ပါကြောင်း၊ ယခုကျင့်ဝတ်သည် ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် ထားရှိသည့် ကတိကဝတ်အဖြစ် လိုက်နာဆောင်ရွက်ကြရန် ပါတီဝင်များအားလုံးကိုလည်း ညွှန်ကြားထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့ကြသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးနှင့် နိုင်ငံရေးပါတီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ကျင့်ဝတ်ပြန်လည်သုံးသပ် ပြင်ဆင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်တစ်ဦး၊ Technical Advisor ဖြစ်သူ Mr. Jorge Valladares နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး Mr. Tim Enderlin တို့က နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Crd : MDN

No comments:

Post a Comment