Monday, June 29, 2020

(၁၀)ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) အဖြစ် Korean Airlines ဖြင့် မြန်မာနိုင်ငံသား (၁၈၀) ဦးအား ရန်ကုန်သို့ ပြန်လည်ပို့ဆောင်

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်း လိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား နိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၀)ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) အဖြစ် Korean Airlines ဖြင့် (၂၉-၆-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၁၇၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၈)ဦးနှင့် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပိတ်မိနေသော မြန်မာနိုင်ငံသား (၁)ဦး၊ စုစုပေါင်း (၁၈၀) ဦးတို့ လိုက်ပါသွား ကြပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် သံအမတ်ကြီး ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများနှင့် အခြားစီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော POSCO International၊ KB KOOKMIN Bank၊ Lotte Hotel ကဲ့သို့သော ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျွမ်းကျင်ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၂၄) ဦးလည်း လိုက်ပါသွားကြ ပါသည်။
Crd : Myanmar Embassy, Seoul #Myanmar_Online_News

No comments:

Post a Comment