
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က တရုတ်နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမယ်လို့ သိရပါတယ်။
လာမယ့် သီတင်းပတ်အတွင်း တရုတ်သို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမယ့်အကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဇွန် ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ WHO ကို အကြီးအကျယ် ဝေဖန်ခဲ့ပြီး WHO အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်သွားခဲ့တဲ့ အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့က ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိတရုတ် နိုင်ငံရဲ့ အဓိက ဓာတ်ခွဲခန်းမှာ စတင်ဖြစ်တည်ခဲ့နိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ သို့သော် ၎င်းတို့က ထိုသို့ ဖြစ်နိုင်ခြေအတွက် သက်သေအထောက်အထား မပြခဲ့ကြဘဲ တရုတ်အစိုးရဘက်ကလည်း အပြင်းအထန် ငြင်းဆိုထားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့စွန် တောင်တန်းများရှိရာ နေရာမှ Wuhan Institute of Virology ရဲ့ ဇီဝလုံခြုံရေး မြှင့်တင်ထားတဲ့ ဓာတ်ခွဲခန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးမွေးဖွားခဲ့ရာ မူလရင်းမြစ်ဖြစ်လေသလားလို့ ထင်မြင်ယူဆချက်တွေ အများအပြား ရှိနေခဲ့ပါတယ်။
တရုတ်သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်ရောင်းချတဲ့ ဈေးတစ်ခုမှာ တိရိစ္ဆာန်ကနေ လူကို ကူးစက်သွားခဲ့ဖွယ်ရှိကြောင်း ပြောထားခဲ့ပါတယ်။ သို့သော် ဓာတ်ခွဲခန်းတည်နေရာနဲ့ အဆိုပါဈေးဟာ အလွန်ဝေးကွာနေခြင်းမရှိရာ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းအဆောက်အအုံကနေ ထွက်ရှိလာခဲ့တာ ဖြစ်နိုင်ကြောင်း အယူအဆတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။
ဝူဟန်ဓာတ်ခွဲခန်းမှာ လင်းနို့ဗိုင်းရပ်စ်များရှိကြောင်း၊ သို့သော် ထိုဗိုင်းရပ်စ်တွေက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မတူညီကြောင်း ဓာတ်ခွဲခန်းရဲ့ အဓိကတာဝန်ရှိသူက ပြောပါတယ်။ Wuhan Institute of Virology ဓာတ်ခွဲခန်းကို သီးခြားခွဲထားတာဖြစ်ပြီး လင်းနို့များထံမှ ကိုရိုနာဗိုင်းရပ်စ်အချို့ရှိကြောင်း မေ ၂၃ ရက်နေ့က CGTN နဲ့ သီးသန့်အင်တာဗျူးမှာ ဒါရိုက်တာဝမ်ယန်ယီ (Wang Yanyi) က ပြောခဲ့တာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကို ယမန်နှစ် ဒီဇင်ဘာလကုန်က ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ခြောက်လအတွင်း ကမ္ဘာတစ်ဝှမ်း လူဦးရေ ၁၀ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး လူ ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ COVID-19 ကနေ ပြန်လည်သက်သာသူကတော့ ကမ္ဘာတစ်ဝှမ်း ၅.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။



Ref ; Duwun
No comments:
Post a Comment