Saturday, August 29, 2020

မကွေးတိုင်းဒေသကြီးအတွင်း COVID 19 ဓါတ်ခွဲနမူနာများ စစ်ဆေးနိုင်တော့မည်

မကွေးတိုင်းဆေးရုံတွင် ရှိနေသည့် GeneXpert စက်ကို COVID 19 test kit အသုံးပြု၍ COVID-19 စောင့်ကြည့် သံသယလူနာများ၏ ဓါတ်ခွဲနမူနာစစ်ဆေးခြင်းကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
“GeneXpert စက်ကတော့ အရင်ကတည်းကရှိတာပါ။ အသည်းရောင်အသားဝါ စီ(C) ကာကွယ်ရေး စီမံချက်ကနေ ထုတ်ပေးထားတဲ့စက်ဖြစ်ပါတယ်။ ဆေးယဉ်ပါးတီဘီရောဂါနဲ့ အသည်းရောင်အသားဝါ စီပိုး ရှိ၊ မရှိစစ်တဲ့စက်ဖြစ်ပြီး COVID-19 test kit ထည့်စစ်မယ်ဆိုရင် COVID-19 ရောဂါပိုး ရှိ၊ မရှိကို စမ်းသပ်စစ်ဆေးနိုင်တဲ့စက်ဖြစ်ပါတယ်။ အခုချိန်မှာ နိုင်ငံတော်က အမျိုးသားကျန်းမာမှု ဓာတ်ခွဲဆိုင်ရာ ဌာနကနေ COVID-19 ကိုစစ်တဲ့ test kit တွေ ပေးတဲ့အတွက် အဲဒီစက်ကို အသုံးပြုပြီးတော့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာမြတ်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါစက်ဖြင့် တစ်ခါစစ်လျှင် ဓာတ်ခွဲနမူနာ (၃) ခုသာ စစ်ဆေးနိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် မနက် (၃)ခု၊ ညနေ (၃)ခု စစ်ပေးနိုင်မည်ဖြစ်ရာ မကွေးတိုင်းဆေးရုံ၊ သင်ကြားရေးဆေးရုံနှင့် မင်းဘူး ဆေးရုံ တို့မှ စောင့်ကြည့် သံသယလူနာများကိုသာ စစ်ပေးနိုင်ဦးမည်ဖြစ်ပြီး quarantine center ကဲ့သို့ အရေအတွက် အများအပြားကို စစ်ပေးနိုင်မည်မဟုတ်ကြောင်း သိရသည်။
“ဒီလိုစစ်တဲ့အခါမှာလည်း နေ့တိုင်းစစ်နိုင်မှာမဟုတ်ပါဘူး။ တီဘီနဲ့ အသည်းရောင်အသားဝါ စီ ကိုလည်း စစ်ပေးရမှာဖြစ်လို့ အစည်းအဝေးဆုံးဖြတ်ချက်အရ တစ်ပတ်ကို အင်္ဂါ နဲ့ ကြာသပတေးနေ့ တွေမှာ တစ်နေ့ကို ၆ ခုနှုန်း စစ်သွားမှာဖြစ်ပြီး နောက်ပိုင်း စက်ထပ်ရလာမယ်ဆိုရင်တော့ F.Q ဝင်နေသူ တွေရဲ့ ဓာတ်ခွဲနမူနာတွေကိုပါ စစ်ပေးသွားနိုင်ဖို့ရှိပါတယ်”ဟု ဒေါက်တာမြတ်စိုးက ပြောသည်။
အဆိုပါ စက်အား အသုံးပြုနိုင်ပြီဆိုပါက အဖြေကို နေ့ချင်းသိနိုင်တော့မည်ဟု အနုဇီဝဗေဒဌာန အထူး ကုဆရာဝန် ဒေါက်တာမြတ်မြတ်မိုး က ပြောသည်။
“အမျိုးသားကျန်းမာမှုဆိုင်ရာ ဓာတ်ခွဲဌာနကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ တစ်ပတ်မှာ (၃) ရက် တိုင်းအစိုး ရအဖွဲ့က စီစဉ်ပေးတဲ့ကားနဲ့ Sample တွေကို ပေးပို့စစ်ဆေးပါတယ်။ အဲလိုသွားပို့ရတာကြောင့် အနည်း ဆုံး နှစ်ရက်ခွဲ၊ သုံးရက်ကြာပါတယ်။ အဲဒီတော့ ဆေးရုံက စောင့်ကြည့်သံသယလူနာတွေကို အဖြေထွက်တဲ့ အထိ စောင့်ကြည့်နေရတာကြောင့် အချိန်လည်းကုန် လူလည်းပင်ပန်းပြီး ကုန်ကျမှုလည်း များပါတယ်။ အခု ဒီစက်နဲ့ ဆိုရင် မနက်စစ် ညနေအဖြေထွက်မှာဖြစ်လို့ အချိန်ကုန်၊ ငွေကုန်သက်သာပြီး လူနာကို လည်း ထိထိရောက်ရာက် မြန်မြန်ဆန်ဆန် ကုသမှုပေးနိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာမြတ်မြတ်မိုးက ပြောသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ သြဂုတ်လ (၂၉)ရက်နေ့အထိ မကွေးတိုင်းဆေးရုံတွင် စောင့်ကြည့်သံသယလူနာ (၁၁၅)ယောက်ကို ကုသမှုပေးခဲ့ရာ ပိုးတွေ့လူနာတစ်ဦးမှ မရှိကြောင်း သိရပြီး F.Q မှ ပိုးတွေ့လူနာ (၂) ဦးကို တိုင်းဆေးရုံ၌ ကုသပေးခဲ့ခြင်းဖြစ်သည်။
Ref ; Tachileik News Agency

No comments:

Post a Comment