Tuesday, August 23, 2022

မြန်မာကုလ အထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် စခန်းရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ သည် အဖွဲ့ဝင် လေးဦးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သြဂုတ်လ ၂၃ ရက် အင်္ဂါနေ့က သွားရောက်ခဲ့တာပါ။

သူတို့အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာ ခရီးရောက်ရှိနေပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazaar ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာတော့ ဒုက္ခသည်ကူညီရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ပြောကြားထားပါတယ်။
အဲဒီလို သွားရောက်တဲ့ခရီးစဉ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM တို့ရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုအခြေအနေတွေကို ကြည့်ရှုမေးမြန်းခဲ့လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ စစ်ကောင်စီဥက္ကဌတို့ တွေ့ဆုံမှုမှာတော့ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်မခံတဲ့အကြောင်းနဲ့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးဆိုပြီးတော့ စစ်ကောင်စီက ပြောကြားထားပါတယ်။
Daily Bangladesh သတင်းစာရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ၊နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံခြားရေး အတွင်းဝန်တို့နဲ့တွေ့ဆုံသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

Photo #AFP
MyanmaPlatform

No comments:

Post a Comment