Sunday, January 29, 2023

ယခုဘဏ္ဍာနှစ် ဆယ်လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၈ သိန်းကျော် တင်ပို့ခဲ့

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဆယ်လနီးပါးကာလအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၈ သိန်းကျော် တင်ပို့ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇၉ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်ပသို့ ဆန်နဲ့ဆန်ကွဲ လအလိုက်တင်ပို့မှုအရ နိုဝင်ဘာလအတွင်း တန်ချိန် ၂၆၀၀၀၀ ကျော်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလမှာတော့ တန်ချိန် ၉၃၀၀၀ ကျော်နဲ့ အနည်းဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဆန်တင်ပို့မှု လျာထားချက်က တန်ချိန် နှစ်သန်းကျော် ရည်မှန်းထားပြီး ဆက်လက်တင်ပို့သွားဖို့ရှိနေကာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို G to G  စနစ်အရ ဆန်တန်ချိန် နှစ်သိန်း တင်ပို့နေသလို တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေပြန်ဖွင့်ချိန် ဆန်ကြမ်းအဝယ်လိုက်နိုင်တဲ့အတွက် တင်ပို့မှု တိုးလာနိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံကဆန်ကို တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ တိုဂို၊ စပိန်၊ အီတလီ စတဲ့နိုင်ငံတွေကို အဓိကတင်ပို့ခဲ့ပြီး ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန် စတဲ့ နိုင်ငံတွေကို အဓိကတင်ပို့ထားတယ်လို့ သိရပါတယ်။


MyanmaPlatform

No comments:

Post a Comment