၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသွား အဝင်အထွက် နှစ်သန်းကျော်ထိရှိခဲ့တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ Yangon Aerodrome Company Limited(YACL)မှ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ လေဆိပ်အသုံးပြု ဆိုက်ရောက်ထွက်ခွာခရီးသည်ပေါင်း ၂၁၄၉၂၀၂ ဦးနဲ့ လေကြောင်းခရီးစဉ် ၃၀၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့တာလို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်လေဆိပ်အတွင်း ဆိုက်ရောက်ထွက်ခွာ ခရီးသည် တစ်သိန်းကျော်သာရှိခဲ့ပေမယ့် နှစ်ကုန်ပိုင်းဒီဇင်ဘာလမှာတော့ ခရီးသည် နှစ်သိန်းကျော်ထိ ပိုတိုးလာခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်အခြေအနေတွေကြောင့် ၂၀၂၀ပြည့်နှစ်မတ်လကတည်းက ပြည်ပလေကြောင်းအဝင်အထွက်ပိတ်ထားခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်က စတင်ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့အတွက် ရန်ကုန်လေဆိပ်ခရီးသွားအဝင်အထွက် တိုးလာခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုက်ရောက် ထွက်ခွာခရီးသည် ခုနှစ်သိန်းကျော်နဲ့ လေကြောင်းခရီးစဉ် နှစ်သောင်းကျော်သာ ပျံသန်းဝန်ဆောင်မှုပေးနိုင်ခဲ့တာဖြစ်ပါတယ်။
MyanmaPlatform
No comments:
Post a Comment