Friday, August 23, 2013

မန္တလေးဒေသရှိ လျှောက်ထားဆဲ ဘက ပညာသင် ၃၉ ကျောင်း ထောက်ပံ့ကြေး မရရှိသေးဟုဆို

မန္တလေးတိုင်း ဒေသကြီးတွင် တရားဝင် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ဖြစ်ရန် လျှောက်ထားဆဲ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၃၉ ကျောင်း ရှိပြီး အဆိုပါ ကျောင်းဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ကြေးငွေ မရရှိသေးကြောင်း အဆိုပါ တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရုံးအဖွဲ့ အတွင်းရေးမှူး ဆရာတော်က မိန့်ကြားသည်။အစိုးရက တရားဝင် အသိအမှတ် ပြုထားသော ဘုန်းတော်ကြီးသင် ပညာသင် ကျောင်းဆရာ၊ ဆရာမများအတွက်သာ ထောက်ပံ့ကြေး ရရှိခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရှိ တရားဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၁၄ ကျောင်းမှ ဆရာ၊ ဆရာမ ၁၅၅၅ ဦးကို သြဂုတ်လ ၇ ရက်နေ့တွင် ပြီးခဲ့သည့် လေးလစာအတွက် ထောက်ပံ့ကြေး ကျပ် သိန်းပေါင်း နှစ်ထောင်ကျော် ထောက် ပံ့ပေးခဲ့ကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့တွင် သြဂုတ်လ လစာအတွက် ကျပ် သိန်းပေါင်း ၅၀၀ ကျော် ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း အဆိုပါ ရုံးအဖွဲ့ထံမှ သိရသည်။

“ဘုန်းကြီးတို့က ၂၀၀၈ ခုနှစ်ကတည်း စတင် ဖွင့်လာတာ။ အစိုးရ တရားဝင် အသိမှတ်ပြုကျောင်း ဖြစ်အောင် စာတင်တာ လေးခါရှိပြီ။ ၂ နှစ်လောက် ရှိပြီပေါ့၊ ဘုန်းကြီးတို့ နွားထိုးကြီးနယ်မှာ ဘက ကျောင်းပေါင်း ၁၇ ကျောင်း ရှိတယ်။ ၁၅ ကျောင်းက တရားဝင်တယ်။ ဘုန်းကြီးတို့ကျောင်းနဲ့ စိတ္တသုခ ကျောင်းက စာရင်း မပေါက်ဘူး၊ ဘုန်းကြီးတို့ နောက်မှ ဖွင့်တဲ့ ဘကကျောင်းတွေ တရားဝင် ဖြစ်သွားပြီး ထောက်ပံ့ကြေး ရကုန်ပြီ” ဟု နွားထိုးကြီးမြို့နယ် ဇမ္ဗူသီရိကျောင်း ဆရာတော် အရှင်ပညာသီဟက မိန့်ဆိုသည်။

တရားဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်ရန်အတွက် မြို့နယ် ဘကကျောင်း ကြီးကြပ်ရေး အဖွဲ့၏ ထောက်ခံစာ၊ မြို့နယ် သံဃနာယက အဖွဲ့၏ ထောက်ခံချက်၊ ဘကကျောင်း ရေရှည် ဖွင့်လှစ် နိုင်ကြောင်း ဖွင့်လှစ်မည့် ဆရာတော်၏ ဝန်ခံချက်၊ မန္တလေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ၏ ထောက်ခံချက်၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ ထောက်ခံချက်တို့ဖြင့် နေပြည်တော်ရှိ သာသနာရေး ဝန်ကြီး ဌာန သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနသို့ ပေးပို့ရကြောင်း အဆိုပါ ရုံးအဖွဲ့ထံမှ သိရသည်။

“ဇူလိုင်လမှာ လာလျှောက်တဲ့ ကျောင်းက ၁၄ ကျောင်း ရှိတယ်။ အရင် လျှောက်ထားဆဲက ၂၅ ကျောင်း ရှိတယ်။ စုစုပေါင်း လျှောက်ထားဆဲ ၃၉ ကျောင်း ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရုံးအဖွဲ့ တာဝန်ရှိသူ ဦးဝေဖြိုးပိုင်က ဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် တရားဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၇၉ ကျောင်းခန့် ရှိပြီး မန္တလေးတိုင်းဒေသကြီး တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မူလတန်း ၂၁၇ ကျောင်း၊ မူလတန်းလွန် ၆၆ ကျောင်း၊ အလယ်တန်းကျောင်း ၂၉ ကျောင်း၊ အထက်တန်းကျောင်း နှစ်ကျောင်း ရှိကြကာ အဆိုပါ ကျောင်းတို့တွင် ပညာ သင်ကြားနေသာ သာမဏေ ၄၄၆၃ ပါး၊ သီလရှင် ၇၀၈ ပါး၊ ကျောင်းသား၂၆,၆၀၅ ဦး၊ ကျောင်းသူ ၂၄,၈၉၁ ဦးနှင့် သင်ကြားရေး ဆရာ၊ ဆရာမပေါင်း ၁၅၅၅ ဦးခန့် ရှိကြောင်း သာသနာရေး ဝန်ကြီးဌာနရှိ စာရင်းများအရ သိရသည်။

မိုးကြိုး(MDY)
 

No comments:

Post a Comment